လေ့ကျင့်ရေးအတွက် အမေရိကန် F-22 ဂျက်တိုက်လေယာဉ်များ ဂျာမနီသို့ရောက်ရှိ

လေ့ကျင့်ရေးအတွက် အမေရိကန် F-22 ဂျက်တိုက်လေယာဉ်များ ဂျာမနီသို့ရောက်ရှိ

ဝါရှင်တန်၊ သြဂုတ် ၂၉ ။         ။ အမေရိကန်၏ အဆင့်မြင့် F-22 ဂျက်တိုက်လေယာဉ် လေးစင်းသည် ဥရောပတွင် ပထမဆုံးအကြိမ် လေ့ကျင့်မှုများပြုလုပ်ရေးအတွက် သြဂုတ် ၂၈က ဂျာမနီသို့ရောက်ရှိခဲ့ သည်။ ဂျာမနီတွင် ယင်းလေယာဉ်များသည် မဟာမိတ်လေတပ် တပ်ဖွဲ့ဝင်များ၊ အမေရိကန်တပ်ဖွဲ့ဝင်များနှင့်အတူ စက်တင်ဘာလလယ်တွင် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်ဟု အမေရိကန်လေ တပ်က ထုတ်ပြန်ခဲ့သည်။

ပထမဆုံးလေ့ကျင့်မှုအတွက် ယင်းလေယာဉ်များချထားခြင်းမှာ အမေရိကန်နှင့် မဟာမိတ်များလေ့ကျင့်ရာတွင် ရေဒါရှောင်လွှဲနိုင်သော ယခုဂျက်တိုက်လေယာဉ်များအတွက် ပြီးပြည့်စုံသော အခွင့်အလမ်းဖြစ်ဖြစ်သည်ဟု ဥရောပနှင့် အာဖရိကရှိ အမေရိကန်လေတပ်၏ တပ်မှူး ဗိုလ်ချုပ်ကြီး ဖရန့်ခ်ဂိုရင့်က ပြောသည်။

လော့ခ်ဟိမာတင်ကော်ပိုရေးရှင်းက ထုတ်လုပ်သော ၎င်းဂျက်တိုက်လေယာဉ်များသည် ဘိုအင်းကုမ္ပဏီထုတ် သယ်ယူပို့ဆောင်ရေးလေယာဉ် C-17တစ်စင်း၊ လေတပ်သား ၆၀ခန့်နှင့် အတူ ဂျာမနီနိုင်ငံ၊ ထရိုင်ယာ၏ အရှေ့မြောက်ဘက် မိုင် ၂၀ခန့်အကွာ စပန်ဒါလဲမ်လေတပ်စခန်းသို့ ရောက်ရှိခဲ့သည်ဟု လေတပ်၏ ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။ အမေရိကန်၏ ယင်းဂျက်တိုက်လေယာဉ်များသည် ပိုလန်အပါအဝင် အရှေ့ဥရောပရှိ အခြားလေတပ်စခန်းများသို့လည်း သွားရောက်မည်ဟု မျှော်လင့်ရသည်။

ယူကရိန်းတွင် ရုရှား၏ စွက်ဖက်မှုကြောင့် စိုးရိမ်နေသော နေတိုး၏ အရှေ့ဥရောပနိုင်ငံများကို ကျယ်ပြန့်စွာထောက်ခံပေးရန်အတွက် အဆိုပါဂျက်တိုက်လေယာဉ်များ ချထားမည်ဖြစ်ကြောင်း အမေရိကန်လေတပ် အတွင်းဝန် ဒီဘိုရာဂျိမ်းက သြဂုတ် ၂၄က ကြေညာခဲ့သည်။

ပိုင်းလော့များ ဥရောပ ရေမြေတောတောင်များနှင့် ပိုမိုကျွမ်းဝင်စေရန်နှင့် ဥရောပအခြေစိုက်စခန်းများ၊ နေတိုး၏အခြားစခန်းများတွင် အောင်မြင်စွာချထားနိုင်ရေးအတွက် ပဉ္စမမြောက်မျိုးဆက် တိုက်လေယာဉ်များ၏ စွမ်းရည်ကို လေ့ကျင့်ရင်း စမ်းသပ်သွားမည်ဟု ဂိုရင့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly