ဆီးရီးယားတွင် ဗြိတိန်လုပ် မီးခိုးငွေ့ဗုံးများနှင့် ဂျာမနီလုပ် ကလိုရင်းဓာတ်ငွေ့များ တွေ့ရှိဟု ရုရှပြော

ဆီးရီးယားတွင် ဗြိတိန်လုပ် မီးခိုးငွေ့ဗုံးများနှင့် ဂျာမနီလုပ် ကလိုရင်းဓာတ်ငွေ့များ တွေ့ရှိဟု ရုရှပြော

 

မော်စကို၊ ဧပြီ ၂၀ ။             ။ ဆီးရီးယားတွင် ဧပြီလအတွင်းက အစိုးရတပ်များ ပြန်လည်သိမ်းပိုက်ရမိသော သူပုန်နယ်မြေဟောင်း အရှေ့ပိုင်း ဂူတာအရပ်တွင် ဂျာမနီလုပပ် ကလိုရင်းဓာတ်ငွေ့ ကွန်တိန်နာများနှင့် ဗြိတိန်လုပ် မီးခိုးငွေ့ဗုံးများကို ဆီးရီးယားအစိုးရတပ်ဖွဲ့များက တွေ့ရှိကြောင်း ရုရှက ဧပြီ ၁၉ ရက်တွင် ပြောသည်။

“အရှေ့ပိုင်းဂူတာ လွတ်မြောက်နယ်မြေမှာ ဂျာမနီက ဓာတုလက်နက်လုပ်ရာမှာ အဆိုးဆုံးဓာတ်ငွေ့ဖြစ်တဲ့ ကလိုရင်းဓာတ်ငွေ့ ကွန်တိန်နာတွေကို  ဆီးရီးယားအစိုးရတပ်တွေ တွေ့ရှိတယ်။ ပြီးတော့ သေချာလေး ဂရုစိုက်နားထောင်ပေးပါ၊ ဆယ်လီဘာရီက လုပ်တဲ့ မီးခိုးငွေ့ဗုံးတွေလည်း တွေ့ပါတယ်။”ဟု ရုရှနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး မာရီယာဇက်ခါရိုဗာက ပြောသည်။

ဆယ်လီဘာရီသည် ဗြိတိန်က မြို့ငယ်တစ်မြို့ဖြစ်ပြီး မတ် ၄ ရက်က ယင်းမြို့တွင် ရုရှနှစ်ဖက်ချွှန်သူလျှို ဆာဂျီစကီရီပဲလ်နှင့် သမီးဖြစ်သူတို့ ဓာတုအဆိပ် လုပ်ကြံခံခဲ့ရရာ အရပ်ဖြစ်သည်။

အဆိုပါ လုပ်ကြံမှုကြောင့် မော်စကိုနှင့် လန်ဒန်ကြား သံတမန်တင်းမာမှုဖြစ်ပွားခဲ့သည်။ ၎င်းတို့နှစ်ဦးအား လုပ်ကြံမှု၏ နောက်ကွယ်တွင် ရုရှရှိနေသည်ဟု ဗြိတိန်က စွပ်စွဲသော်လည်း ရုရှက ခါးခါးသီးသီး ငြင်းဆန်သည်။

ဆီးရီးယားက ဒူမာမြို့တွင် ဖြစ်ပွားသော ဓာတုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဆီးရီးယားသူပုန်များနှင့် အရပ်ဖက်ကာကွယ်ရေးအဖွဲ့ White Helmets အဖွဲ့တို့၏ လက်ချက်ဖြစ်ကြောင်း ဆီးရီးယားအစိုးရ၏ မဟာမိတ်ဖြစ်သည့် ရုရှက အခိုင်အမာပြောနေသည်။

အနောက်အုပ်စုနိုင်ငံများကမူ ဒူမာက အရပ်သားများကို ဆီးရီးယားခေါင်းဆောင် ဘာရှာအာဆတ်က ဓာတုလက်နက်သုံး တိုက်ခိုက်သည်ဟု စွပ်စွဲထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags