နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြုှပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြုှပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

 

ဧပြီ ၂၀ ။               ။ ဗီယက်နမ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်ဝန်ကြီးချုပ် ငုရင် ရွှမ်ဖူနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြုှပ်နှံမှုတို့အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ယမန်နေ့က ဟနွိုင်းမြို့တွင် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးမှုအတွင်း မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးရှိစေမည့် နည်းလမ်းဖြင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြုှပ်နှံမှုများကို ပိုမို တိုးမြှင့်လုပ်ဆောင်သွားရေး နှစ်ဘက်ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးကို ကန်ဒေါ်လာ ၁ ဘီလီယံ သို့မဟုတ် ယင်းထက် ကျော်လွန်၍ ရရှိစေရေး ဆောင်ရွက်ရန်လည်း သဘောတူညီခဲ့ကြသည်။

ယင်းတွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် နိုင်ငံပြန်လည်ပြုပြင်ပြောင်းလဲ တည်ဆောက်နေမှုများနှင့်ပတ်သက်၍ မြန်မာအစိုးရအပေါ် ထောက်ခံအားပေးပါကြောင်း ဗီယက်နမ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

အလားတူ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ကာလအတွင်း ဗီယက်နမ်နိုင်ငံတွင် ဖော်ဆောင်ရရှိထားခဲ့သည့် အရေးပါသော အောင်မြင်မှုများနှင့်ပတ်သက်၍လည်း ၀မ်းမြောက်ဂုဏ်ယူပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဂုဏ်ပြုပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံအကြား ပါတီ၊ အစိုးရ၊ ပြည်သူ စသည့် လယ်ဗယ်စုံ အပြန်အလှန်ခရီးစဉ်များကနေတဆင့် နိုင်ငံရေးနှင့် သံတမန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေး နှစ်ဘက်ခေါင်းဆောင်များ သဘောတူကတိပြုခဲ့ကြသည်ဟုလည်း သိရသည်။

အလားတူ နှစ်နိုင်ငံအကြား ဘဏ္ဍာရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ စွမ်းအင်၊ စိုက်ပျိုး-သစ်တော-ရေလုပ်ငန်းများ၊ ပြည်သူအချင်းချင်း အပြန်အလှန် ဆက်သွယ်မှု စသည်တို့အပါအဝင် အရေးပါသော ကဏ္ဍများတွင် တိုးမြှင့်ပူးပေါင်းသွားရေး သဘောတူညီခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags