ပင်လယ်အောက်ပိုက်လိုင်း ကျိုးပေါက်ကာ ရေနံယိုဖိတ်မှု ဖြစ်ရသည်က ပနားမားသင်္ဘောကြောင့်ဟု အင်ဒိုနီးရှား ပြော

ပင်လယ်အောက်ပိုက်လိုင်း ကျိုးပေါက်ကာ ရေနံယိုဖိတ်မှု ဖြစ်ရသည်က ပနားမားသင်္ဘောကြောင့်ဟု အင်ဒိုနီးရှား ပြော

ဂျကာတာ၊ ဧပြီ ၁၉ ။            ။ အင်ဒိုနီးရှားနို်င်ငံ ဘော်နီယိုကျွန်း ကမ်းလွန်တွင် နှစ်များစွာအတွင်း သဘာဝပတ်ဝန်းကျင် အဆိုးဆုံးဘေးဒုက္ခနှင့် လူငါးဦး သေဆုံးမှုကို ဖြစ်စေသော ရေနံယိုစိမ့်မှုသည် ပနားမားအလံတင် သင်္ဘောတစ်စီးကြောင့် ဖြစ်ရခြင်းဟု အင်ဒိုနီးရှားနိုင်ငံက ဧပြီ ၁၈ ရက်တွင် ပြောသည်။

ပြီးခဲ့သည့်လ ရေနံယိုဖိတ်မှု ဖြစ်ခဲ့သည့် နေရာတွင် အရှည်မီတာ ၂၃၀ ခန့်ရှိ MV Ever Judger ကုန်တင်သင်္ဘောတစ်စီးသာ ရှိနေခဲ့ခြင်း ဖြစ်သည်ဟု ဆိုပြီး ယင်းသင်္ဘော၏ ၁၂ တန် ကျောက်ဆူးက ပင်လယ်အောက် ပိုက်လိုင်းတစ်လိုင်းကို ထိုးခွဲမိရာမှ ရေနံယိုဖိတ်မှုကြီး ဖြစ်ရကြောင်း အရှေ့တောင်အာရှ အင်ဒိုနီးရှားနိုင်ငံ၏ ရေတပ်က ပြောသည်။

ရေငုပ်သူများ၏ တွေ့ရှိချက်အရ ပင်လယ်ကြမ်းပင်တွင် အရှည် ၅၀၀ မီတာနီးပါးရှိ ဟက်တက်ကွဲ စွပ်ကြောင်းရာကြီးကို တွေ့ရှိရာ ယင်းသည် ကုန်တင်သင်္ဘော၏ ကျောက်ဆူးကြောင့် ဖြစ်ပေါ်ခြင်းဟု ကောက်ချက်ချရကြောင်း စုံစမ်းစစ်ဆေးသူများက ပြောသည်။

“ဒီသင်္ဘော ကျောက်ဆူးကြောင့် ပင်လယ်အောက်က ပိုက်လိုက်ကို ထိုးခွဲမိတာလို့ပဲ ကျွန်တော်တို့ ယူဆပါတယ်။”ဟု နိုင်ငံ၏ ရေတပ် အဏ္ဏဝါဗေဒဌာန အကြီးအကဲ ဟာဂျိုဆူမိုရိုက ပြောသည်။

အဆိုပါ ရေပြင်ဧရိယာနယ်မြေတွင် ကုန်တင်သင်္ဘောကြီးများအား ခုတ်မောင်းသွားလာခွင့် ပြုထားသော်လည်း ပင်လယ်အောက်ပိုက်လိုင်း ပျက်စီးနိုင်ခြေကြောင့် ကျောက်ဆူးချခြင်းကို တားမြစ်ထားခြင်း ဖြစ်သည်။

ယခုမတော်တဆဖြစ်ရပ်ကြောင့် ကြီးမားသော ရေနံယိုစိမ့်မှုကြီး ဖြစ်ပေါ်ခဲ့ကာ ဒေသအာဏာပိုင်များက အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။

ဘယ်လက်ပါပန်မြို့အနီးက ရေပြင်တွင် ယိုစိမ့်လာသော ရေနံများက ၁၆ မိုင် အဝန်းအဝိုင်းအထိ ပျံ့နှံ့ပြီး ရေပြင်ပေါ် ရေနံများ ဖုံးလွှမ်းနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရေပြင်ပေါ်က ရေနံများကို ရှင်းလင်းနိုင်ရေး မီးရှို့ရာမှာ ပျံ့နှံ့သွားခဲ့ပြီး တံငါသည် ငါးဦး သေဆုံးရခြင်းဖြစ်သည်။

အဆိုပါ ရေအောက်ပိုက်လိုင်းမှာ အင်ဒိုနီးရှား Pertamina ကုမ္ပဏီပိုင် ပိုက်လိုင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly