အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ်ပေါင်းသင်းနေထိုင်သူအား ထောင်ဒဏ်နှစ် ၂ဝ ချမှတ်

အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ်ပေါင်းသင်းနေထိုင်သူအား ထောင်ဒဏ်နှစ် ၂ဝ ချမှတ်
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့
 

ရန်ကုန်၊ ဧပြီလ ၁၉ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့သူ သက်ဇော်ဝေဆိုသူအား အရှေ့ပိုင်းခရိုင်တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်နှစ် ၂ဝ  ချမှတ်လိုက်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ယနေ့ ဧပြီလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အသက်မပြည့်သေးသည့် မိန်းကလေးကို သားမယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့သူ အသက် ၃၇ နှစ်အရွယ် သက်ဇော်ဝေဆိုသူကို အရှေ့ပိုင်းခရိုင်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃ အရ အလုပ်နှင့်ထောင်ဒဏ် ၅ နှစ်တို့အား တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဧပြီလ ၁၁ ရက်၊ ညနေ ၃ နာရီခွဲခန့်အချိန်တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေသူ၏ သမီးဖြစ်သူ ၁၄ နှစ်အရွယ် မိန်းကလေးမှာ ၎င်းသူငယ်ချင်းဖြစ်သူ နေထိုင်သော သုံးခွမြို့ နယ်သို့ အလည်လိုက်သွားခဲ့ကြောင်းသိရသည်။

ဧပြီလ ၁၂ ရက်တွင် သမီးဖြစ်သူမှာ အိမ်ပြန်မလာသဖြင့် မိခင်ဖြစ်သူမှာ သုံးခွမြို့နယ်ရှိ ၎င်း၏ သူငယ်ချင်းဖြစ် သူထံ ဖုန်းဆက်မေးမြန်းခဲ့ရာ ပြန်သွားပြီးဖြစ်ကြောင်းသိရသဖြင့် လိုက်လံစုံစမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဧပြီလ ၁၇ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၁)ရပ်ကွက်ရှိ သက်ဇော်ဝေ၏နေအိမ်တွင် သမီးဖြစ်သူကို ပြန်တွေ့ရှိခဲ့သဖြင့် မိခင်က နေအိမ်သို့ ပြန်ခေါ်လာခဲ့ကြောင်း သိရသည်။

မိခင်ဖြစ်သူက  သမီးဖြစ်သူအား မေးမြန်းခဲ့ရာ ဧပြီလ ၁၂ ရက်နေ့တွင် သက်ဇော်ဝေဆိုသူက သာကေတ မြို့နယ်၊ အဝိုင်းထိပ်သို့လာခဲ့ရန် ဖုန်းဆက်ချိန်းဆိုသဖြင့် သွားရောက်ခဲ့ပြီး  ကမာကြည်တံတားအနီး တည်းခို ခန်းတစ်ခုတွင် သက်ဇော်ဝေနှင့်အတူ ပေါင်းသင်းနေထိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ အရွယ်မရောက်သေးသူအား သားမယားအဖြစ် ပေါင်းသင်းနေထိုင်သူ  သက်ဇော်ဝေအား အရေးယူ ပေးရန် တိုင်တန်းချက်အရ သာကေတနယ်မြေ ရဲစခန်းတွင် (ပ)၃၈၃/ ၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ခဲ့ပြီး ခရိုင်တရားရုံးတွင် တရားစွဲတင်စစ်ဆေးခဲ့သော  အမှုဖြစ်သည်။

ယင်းအမှုမှာ တစ်နှစ်ကြာခန့် စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ အလုပ်နှင့် ထောင်ဒဏ် နှစ် ၂ဝ အား ကျခံစေရန် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly