ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် မြတ်ကြီးမှ ဆံတော်မြတ်အား ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပင့်ဆောင်ပူဇော်

ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် မြတ်ကြီးမှ ဆံတော်မြတ်အား ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပင့်ဆောင်ပူဇော်

 

ရန်ကုန် ဧပြီ ၁၉ ။                  ။ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် မြတ်ကြီး၏ ဌာပနာတိုက်အတွင်းမှ ဆံတော်မြတ်နှင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တို့အား ရွှေ တိဂုံစေတီတော်မြတ်ကြီးသို့ ပင့်ဆောင်ပူဇော်ခြင်း ဗုဒ္ဓပူဇာမဟာမင်္ဂလာအခမ်းအနားကို ယနေ့ ဧပြီလ ၁၉ ရက် နေ့၊နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ သိမ်ဖြူလမ်း၊ ကန်ပတ်လမ်း၊ နတ်မောက်လမ်း နှင့် ဗဟန်း ကြားတောရလမ်းအတိုင်း( ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်) လမ်းကြောင်းများအတိုင်း ခြေလျင် ကြွရောက်ပင့်ဆောင် ပူဇော်ခဲ့သည်။

" ဗိုလ်တထောင်မှာလည်း ဆံတော်ရှင်အစစ်ကိုလည်း ဖူးရတယ်၊ ဒီမှာလည်း စိန်ဖူးတော်ရော ငှက်မြတ်နားတော်ရော ဖူးရတယ်၊ အနီးကပ်ဖူးရတယ်လေ၊ စိန်ဖူးတို့ ငှက် မြတ်နားတော်တို့ဆိုတာ အဝေးကြီးကနေကြည့်ရတာ ဆို တော့ ဒါဟာကုသိုလ်ထူးတယ်ပေါ့လေ၊ လူတွေအတွက် ကတော့ တစ်ကယ်ကုသိုလ်ထူးတယ်" ဟု ရန်ကုန်မြို့ တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

 အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဇေယျာလူမှု ထူးချွန်ဆု၊ နိုင်ငံစွမ်းဆောင်ရည်ဆု၊ကမ္ဘာ့ငြိမ်းချမ်းရေး စေတမန်ဆုများရှင် “ ဒေါက်တာဘဒ္ဒန္တဣဒ္ဓိဗလ”နှင့် ဂိုဏ်း ပေါင်းစုံသံဃအပါး ၄၅ဝဝ ပါး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဦးဆောင် ကျင်းပခြင်းဖြစ်သည်။

"အများပြည်သူတွေအားလုံး ဆံတော်ရှင်ကို အသေအချာ ဖူးရတဲ့အတွက် ကုသိုလ်ကောင်းမှုက အရမ်းပဲမြင့်မြတ် တယ်၊ ကုသိုလ်ရတယ်၊ ဒါကြောင့် ပင့်ဆောင်တာ သဘောကျတယ်၊ ပြီးတော့ နိုင်ငံသူနိုင်ငံသားတွေအားလုံး တိုင်းပြည်ကြီးက ဒီထက်တိုးတက်ဖွံ့ဖြိုးပြီးတော့ အားလုံး ဒီ ထက်စိတ်ချမ်းသာမှုတွေ ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောသည်။

ပင့်ဆောင်ရာ လမ်းတလျှောက်တွင်လည်း အလှူရှင်များက သံဃာတော်များအား အအေး၊ ရေသန့်နှင့် ဝတ္ထု ပစ္စည်းများ လှူဒါန်းမှုပြုလုပ်၍ ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

ယင်းသို့ ပင့်ဆောင်ပူဇော်ခြင်းသည် ပထမအကြိမ်ဖြစ်ပြီး မြတ်ဗုဒ္ဓဆံတော်မြတ်သည် ရွှေတိဂုံစေတီတော်ရင်ပြင် ချမ်းသာကြီးတန်ဆောင်းတွင် ဧပြီလ ၁၉ ရက်မှ ဧပြီ ၂၃ ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကိန်းဝပ်စံပယ်တော်မူမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly