လက်နက်ဖြင့် ပြန်လည်ခုခံသူတစ်ဦးကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီး

လက်နက်ဖြင့် ပြန်လည်ခုခံသူတစ်ဦးကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီး

ဧပြီ ၁၉ ။              ။ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊မြရာချောင်းကျေးရွာအုပ်စု၊အုန်းသျှစ်ကုန်းကျေးရွာတွင် ဧပြီလ ၁၈ ရက်နံနက် ၁၁ နာရီက ကျေးရွာရေမြောင်းအုတ်ရိုးပြုပြင်နေသူများကို တားမြစ်ပြီး ဓားဖြင့် ခုတ်ခဲ့သည့်သူကို ရဲတပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးရာ ပြန်လည်ခုခံခဲ့သည့်အတွက် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ကျေးရွာရေမြောင်းကို ရပ်မိ၊ရပ်ဖများနှင့်ကျေးရွာသူ၊ကျေးရွာသားအချို့က အုတ်ရိုးကာခြင်းများလုပ်ဆောင်နေရာ ၎င်းကျေးရွာသားဖြစ်သူ အသက် ၄၈ နှစ်အရွယ်ရှိ ဦးဆန်းလွင်(ခ)မောင်ဆန်းက သူ၏ အိမ်ရှေ့တွင်မပြုလုပ်ရန်တားမြစ်ပြီး ဓါးဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ရေမြောင်း အုတ်ရိုးကာပြုလုပ်ရာတွင် ပါဝင်သူများကပြောသည်။

ထိုသို့ ဓါးဖြင့်ခုတ်ခဲ့ခြင်းကြောင့် ရေမြောင်အုတ်ရိုးကာပြုလုပ်နေသူတစ်ဦးမှာ ဦးခေါင်း၊လည်ပင်းနှင့်လက်တို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးရာတွင် ပြစ်မှုကျူးလွန်သူ ဦးဆန်းလွင်က အရှည် လေးပေခွဲခန့်အရှည်ရှိသည့် နှစ်ဖက်ချွန်ဝါးလုံးတစ်ချောင်းနှင့် လေးခွတို့ဖြင့် ခုခံနေခြင်းကြောင့် ရဲအုပ်အဆင့်အရာရှိတစ်ဦး ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ၎င်းအရာရှိကို ဝါးချွန်ဖြင့် ထိုးရန်ပြုလုပ်စဉ် အခြား တပ်ဖွဲ့ဝင်တစ်ဦးက ၁၂ ဗို့ပြောင်းချောသေနတ်ဖြင့် ၂ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့သည်။

ထိုသို့ ခြောက်လှန့်ပစ်ခတ်သော်လည်း ဦးဆန်းလွင်က ဆက်လက်ခုခံနေခြင်းကြောင့် ရဲအရာရှိက ၃၈ ဗို့ခြောက်လုံးပြူးသေနတ်ဖြင့် ဒူးခေါင်းအား နှစ်ချက်ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှတ်တမ်းအရသိရသည်။

သေနတ်ဒဏ်ရာရရှိခဲ့သူ ဦးဆန်းလွင်(ခ)မောင်ဆန်းကို မန္တလေးအထွေထွေကုဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးနေပြီး ဓါးခုတ်ခံရသူ၏ ဖခင်က တိုင်ကြားမှုကြောင့် နွားထိုးကြီးမြို့နယ်၊ မြို့မရဲစခန်းတွင် (ပ)၈၅/၂၀၁၈၊ ရာသတ်ကြီးဥပဒေပုဒ်မ ၃၂၆ အရအမှုဖွင့်ထားသည့်အပြင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် ပြန်လည်ခုခံခဲ့သည့်အတွက် ရဲအုပ် သိန်းထွန်းကျော်က တရားလိုပြုလုပ်ကာ (ပ)၈၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၃၃၃ အရ အမှုဖွင့်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly