သီချင်းအသစ်ဖြန့်ချီမည့် အချိန်နှင့် ပတ်သက်၍ တွစ်တာပေါ်၌ သဲလွန်စပေးခဲ့သည့် အာရီရာနာဂရန်ဒီ

သီချင်းအသစ်ဖြန့်ချီမည့် အချိန်နှင့် ပတ်သက်၍ တွစ်တာပေါ်၌ သဲလွန်စပေးခဲ့သည့် အာရီရာနာဂရန်ဒီ

အမေရိကန်နာမည်ကြီးအဆိုတော်မလေး အာရီရာနာဂရန်ဒီသည် တွစ်တာပေါ်၌ ၄ လခန့်ကြာအောင် နှုတ်ဆိတ်နေခဲ့မှုအား သူမ၏ သီချင်းအသစ်နှင့် ပတ်သက်သော ပို့စ်တစ်ခုကိုတင်ခဲ့ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

အသက် ၂၄နှစ်အရွယ်ရှိ အဆိုတော်မလေးသည် “ငိုစရာ မျက်ရည်တွေ မကျန်တော့ပါဘူး” ဟူသော စကားနှင့် အတူ ဧပြီလ ၂၀ ရက်နေ့ဟူသော ရက်စွဲကိုရေးသားကာ သူမ၏ သီချင်းအသစ်ဖြန့်ချီမည့် ရက်စွဲနှင့်ပက်သက်၍ သူမ၏တွစ်တာမှတဆင့် သဲလွန်စပေးခဲ့သည်။

အာရီရာနာသည် ပြီးခဲ့သောနှစ်မေလက မန်ချက်စတာအားကစားကွင်းရှိ သူမ၏ဖျော်ဖြေပွဲ၌ ဗုံးခွဲတိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး လူ ၂၃ဦးခန့် သေဆုံးခဲ့ရပြီးကတည်းက ယခုအချိန်အထိ အယ်လ်ဘမ်အသစ် မဖြန့်ချီနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ဇန်နဝါရီလ ၁ ရက်နေ့ကတည်းကစတင်ပြီး ပရိသတ် ၅၆.၈ သန်းခန့်ရှိသော သူမ၏တွစ်တာပေါ်၌ ပို့စ်များမတင်ဖြစ်ခဲ့သော အာရီရာနာသည် ယခုအခါတွင် “ရှင်တို့အားလုံးကို လွမ်းတယ်” ဟူသော စာသားကို တင်ခဲ့ပြီး ပရိသတ်များနှင့် ပြန်လည်ဆက်သွယ်ခဲ့ပြီဖြစ်သည်။

သတင်းများအရ သူမ၏ သီချင်းအယ်လ်ဘမ်အသစ်တွင် နာမည်ကျော်တေးရေးနှင့် အဆိုတော်တစ်ဦးဖြစ်သူ ဖာရဲလ်၏ လက်ရာများပါရှိကြောင်း သိရသည်။

သူမ၏ မန်နေဂျာဖြစ်သူ စကူတာဘရောန်က အာရီရာနာ၏ လေးချပ်မြောက်အယ်လ်ဘမ်၌ ရင့်ကျက်တည်ငြိမ် သော ဂီတအနုပညာများ ပါရှိသည်ဟု Variety မဂ္ဂဇင်းသို့ ပြောဆိုထားခဲ့သလို ဖာရဲလ်ကလည်း အာရီရာနာ၏ သီချင်းခွေအသစ်မှာ ထူးခြားမှုရှိပြီး နောက်ထပ်အဆင့်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဟု ညွန်းဆိုထားခဲ့သည်။

အာရီရာနာသည် ပြီးခဲ့သောလများက လူမှုမီဒီယာပေါ်၌ နှုတ်ဆိတ်နေခဲ့သလို လူမြင်ကွင်း၌ပြုလုပ်ခဲ့သော သူမ၏နောက်ဆုံးဖျော်ဖြေပွဲမှာ ပြီးခဲ့သောနှစ် ဇွန်လကကျင်းပခဲ့သော One Love Manchester ရန်ပုံငွေ ဖျော်ဖြေပွဲဖြစ်သည်။

သူမ၏ ဖျော်ဖြေပွဲ၌ လူအများအပြား အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခံရမှုပြီးနောက်တွင် အာရီရာနာအနေဖြင့် ထိတ်လန့်တုန်လှုပ်ခဲ့ရသလို ၀မ်းနည်းပူဆွေးနေခဲ့ရသောကြောင့် ယခုလို အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ရ ခြင်းဖြစ်သည်ဟု အများက ယူဆလျက်ရှိသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly