ကိုရီးယားပြည်သူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်မည်ဟု ထရမ့်မျှော်မှန်း

ကိုရီးယားပြည်သူများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်မည်ဟု ထရမ့်မျှော်မှန်း

အမေရိကန်၊ ဧပြီ ၁၉။            ။ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် တင်းမာမှုများရှိနေသော်လည်း လာမည့်ထိပ်သီးစည်းဝေး ပွဲအများအပြားမှတဆင့် ရေရှည်တည်တံခိုင်မြဲမည့် ငြိမ်းချမ်းရေးဆီသို့ရောက်ရှိအောင် လမ်းဖွင့်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင် ဆိုခဲ့သည်။

“ကိုရီးယားကျွန်းဆွယ်မှာရှိတဲ့ ကိုရီးယားပြည်သူအားလုံးဟာ ဘေးကင်းလုံခြံုစွာ၊ သာယာဝပြောစွာနဲ့ ငြိမ်းချမ်း စွာ အတူယှဉ်တွဲနေနိုင်ကြမယ့်နေ့တစ်နေ့ကို ကျနော်တို့မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်”ဟု ထရမ့်က အမေရိကန် သို့ လာရောက်လည်ပတ်သော ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျနော်အရင်က ပြောခဲ့တဲ့အတိုင်းပါပဲ။ မြောက်ကိုရီးယားတို့အနေနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို သေချာပေါက် ပြီးပြည့်စုံစွာပြုလုပ်နိုင်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယားကိုသွားမယ့်လမ်းခရီးဟာ ဖြောင့်ဖြူးနေမှာ ဖြစ်ပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။

ဆက်လက်ပြီး ထရမ့်က “အဲ့လိုနေ့သာအမှန်တကယ်ရောက်ရှိလာခဲ့မယ်ဆိုရင် ဒါဟာ သူတို့အတွက်ရော၊ ကမ္ဘာ ကြီးအတွက်ပါ ကြီးကျယ်ခမ်းနားတဲ့ နေ့ရက်လေးဖြစ်လာမှာပါ” ဟု လာမည့် ၂ လအတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျံုအမ်းနှင့်အတူ တွေ့ဆုံဆွေးနွေးရန်ပြင်ဆင်နေသော ထရမ့်က ဖြည့်စွက်ပြောဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့အစောပိုင်းတုန်းကလည်း အမေရိကန်ခေါင်းဆောင်များက ၄င်းတို့၏ စီအိုင်အေအကြီးအကဲနှင့် မြောက်ကိုရီးယားမှ ထိပ်သီးခေါင်းဆောင်များသည် တိတ်တဆိတ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးပြီဟု အတည်ပြုခဲ့ သည်။

ဒါ့အပြင် ထရမ့်အနေဖြင့် နောက်ထပ်နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ် ရွေးချယ်ခန့်အပ်နိုင်သည့် မိုက်ခ်ပွန်ပီအို နှင့် ကင်မ်ဂျံုအမ်းတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးပြီဆိုသော သတင်းများလည်း မကြာခင်က ထွက်ပေါ်လာခဲ့သည်။

ကင်မ်ဂျံုအမ်းသည် တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နှင့်အတူ လာမည့်အပတ်တွင် တရားဝင်ငြိမ်းချမ်းရေး ကြေညာချက်အတွက် သမိုင်းဝင်တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ထရမ့်နှင့် ကင်မ်ဂျံုအမ်းတို့၏ သမိုင်းဝင်တွေ့ဆုံဆွေးနွေးမှုကိုလည်း မကြာခင်တွင်ပြုလုပ်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags