မြိတ်ကျွန်းစုအပန်းဖြေကျွန်းများအနက် ပါပန့်ကျွန်းကို ပြည်တွင်းခရီးသွား အလာများ

မြိတ်ကျွန်းစုအပန်းဖြေကျွန်းများအနက် ပါပန့်ကျွန်းကို ပြည်တွင်းခရီးသွား အလာများ

 

မြိတ်၊ ဧပြီလ (၁၉) ။                            ။ မြိတ်ကျွန်းစုအတွင်းရှိ အပန်းဖြေ ကျွန်းများအနက် နာမည် ရလာသည့် စမတ်ကျွန်း (ခ) ပါပန့်ကျွန်းကို ယခုနှစ် သင်္ကြန်ကာလမှာ ပြည်တွင်းခရီးသွားများ အများဆုံး သွားရောက်လည်ပတ်မှုမြင့်တက်ခဲ့ ကြောင်း မြိတ်အခြေစိုက် ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် သဘာဝအတိုင်း လှပနေသော စမတ်ကျွန်း (ခ) ပါပန့်ကျွန်း ကျောက်စရစ်ကမ်းခြေသည်၊ ပြီးခဲ့သည့် ခရီးသွားရာသီတွင် လူသိများလာခြင်း ဖြစ်ပြီး၊ အများစုမှာ ပြည်တွင်း ခရီးသွားများက သွားရောက် လည်ပတ် အပန်းဖြေကြခြင်းဖြစ်သည်။

 ယင်း ကမ်းခြေသည် ခရီးသွားများအကြား စိတ်ဝင်စားမှု မြင့်တက်နေသည်ဟု သိရသည်။

" မြန်မာနိုင်ငံမှာဆိုရင် ဒီကမ်းခြေက တစ်ခုတည်းသော ကမ်းခြေလို့လည်း ပြောလို့ရပါတယ်၊ နောက်ပြီး ကမ်းခြေအရှည်က ပေ ၂၀၀၀ နီးပါးကို ရှည်ပါတယ်၊ သူရဲ့ သဘာဝအလှ ကျောက်လုံးတွေက ခရီးသွားတွေ အများကြီး ဆွဲဆာင်မှု ရှိစေပါတယ်၊ ဒါ့အပြင် ကျွန်းပေါ်မှာလည်း လှပတဲ့ ကျောက်ဆောင်၊ ကျောက် မုဒ်ဦးဝ၊ သဲကမ်းခြေတွေနှင့် အခြား တောတောင် ရှု့ခင်း အလှတွေများလို့ ဒီကမ်းခြေကို ခရီးသွားတွေ မျက်စိကျတယ်" ဟု Blissful Myanmar Travel & Tour ကုမ္ပဏီမှ တာဝန်ရှိသူ ဒေါက်တာ သိန်းဆွေမြင့် ပြောသည်။

ယခုနှစ် သင်္ကြန်ကာလမှာ ယင်း ကမ်းခြေသို့ အပန်းဖြေသူ ပြည်တွင်း ခရီးသွား ဧည့်သည်များ နေ့စဉ် ဦးရေ ထောင်နဲ့ ချီပြီး သွားရောက် လည်ပတ်ခဲ့ကြကြောင်း မြိတ်အခြေစိုက် ခရီးသွားကုမ္ပဏီက ပြောကြသည်။

"နိုင်ငံခြားမှာဆိုလျှင် ဖန်ကွဲစလေးတွေနဲ့ လုပ်ထားတဲ့ ကျောက်လေးတွေပဲ တွေ့ရတာပါဗျား ။ ကြည့်ရတာလည်း တော်တော် လှသလိုမျိုး ဒီမှာ မြိတ်ကျွန်းစုမှာက ကမ်းခြေများစွာနဲ့ သဲသောင်ပြင်တွေ ရှိသလို ကမ္ဘာမှာ ရှားရှားပါးပါး ရှိတဲ့ ကျောက်စရစ်ခဲလေးတွေ ရှိတဲ့ ဒီပါပန့်ကျွန်းက အင်တာနက်ပေါ်မှာ သူငယ်ချင်းတွေ တင်ထားတဲ့ ပုံတွေကို တွေ့ရတာထက် ကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ရတော့မှ ပိုလှနေတာကို တွေ့ရတာ  ဒီခရီးကို လာရတာ အရမ်းတန်တယ်"ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ လာရောက် အပန်းဖြေသူ ကိုထူးထူးအောင်က ပြောသည်။

မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး၊ မြန်မာနိုင်ငံတွင် ကျွန်းအများဆုံး ပိုင်ဆိုင်ထားသည့် ဒေသတစ်ခု ဖြစ်ကာ ခရီးသွား လုပ်ငန်း အနေနဲ့ ပြည်တွင်း/ ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်စားဆုံး ဒေသတစ်ခု ဖြစ်နေကြောင်း မြိတ်ဒေသသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များထံမှ သိရသည်။

" ဒီ စမတ်ကျွန်း (ခ) ပါပန့်ကျွန်း  ကျောက်စရစ်ကမ်းခြေက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆိုလျှင် တစ်ခုပဲ ရှိတယ်လို့ ပြောလို့ နိုင်ရပါတယ်၊ ကျန်တဲ့ မြန်မာနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်မှာတော့ ရှိတော့ ရှိတာပေါ့ ။ ဒါပေမယ့် ဒီလိုမျိုး ကျောက်လုံး အများကြီးတော့ မဟုတ်ပါဘူး၊ ကမ္ဘာမှာဆိုရင်တောင် ဒီလိုမျိုး ကမ်းခြေတွေ အင်တာနက်ပေါ်မှာ လေ့လာချက်အရ မြိတ်ကျွန်းစုအပါ၀င် ကမ်းခြေပေါင်း (၁၁) ခုလောက်ပဲ ရှိတယ်လို့ သိရပါတယ်၊ အခြား နိုင်ငံတွေက ကျောက်လုံးကမ်းခြေတွေနဲ့  နှိုင်းယှဉ်ကြည့်ရင် ပါပန့်ကျွန်းက သဘာအတိုင်း လှပဆုံး ရှိနေသေးတယ်" ဟု ဒေါက်တာ သိန်းဆွေမြင့်က ဆက်လက်ပြောသည်။

မြိတ်ကျွန်းစု စမတ်ကျွန်း (ခ) ပါပန့်ကျွန်း ကျောက်စရစ်ကမ်းခြေသည်၊ လှပတဲ့ ကျောက်လုံးများ ရှိပြီး၊ တစ်ဖက်ခြမ်းတွင် သဲသောင်ပြင် ကမ်းခြေနှင့် အလယ်တွင် ကျောက်ဆောင်များ၊ ကျောက်မုခ်ဦးဝများ ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly