သင်္ကြန်အတွင်း ယာဉ်စီးခ ပိုမိုကောက်ခံခဲ့သော YBS ယာဉ်တစ်ချို့နှင့် ပတ်သက်ပြီး YRTA အစည်းအဝေးတွင် ညှိနှိုင်းမည်

သင်္ကြန်အတွင်း ယာဉ်စီးခ ပိုမိုကောက်ခံခဲ့သော YBS ယာဉ်တစ်ချို့နှင့် ပတ်သက်ပြီး YRTA အစည်းအဝေးတွင် ညှိနှိုင်းမည်

ရန်ကုန်၊ ဧပြီလ ၁၈ ။             ။ မဟာသင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုမိုကောက်ခံခဲ့သော YBS ယာဉ်တစ်ချို့နှင့် ပတ်သက်ပြီး YRTA အစည်း အဝေးတွင် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကပြောသည်။

ထိုသို့ သင်္ကြန်ကာလအတွင်းပြေးဆွဲသော YBS ယာဉ်တစ်ချို့ ယာဉ်စီးခများ ပိုမိုကောက်ခံခဲ့မှုနှင့် ပတ်သက်ပြီး YRTA  အနေဖြင့် မည်သို့ ဆောင်ရွက်သွားမည်ကို  မဇ္စျိမက ယနေ့ ဧပြီလ ၁၈ ရက်တွင် ဆက်သွယ်မေးမြန်းခဲ့ ရာ ဒေါက်တာမောင်အောင်က ထိုသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ဒါကတော့ ပြန်ပြီးတော့ ညှိနှိုင်းရမယ်။ ညှိမယ်နော်။ အခု လောလောဆယ်ကတော့ YRTA အစည်းအဝေး ဒီတစ်ပတ်ထဲခေါ်ပြီးမှပဲ ညှိနှိုင်းပြီးတော့ ဘယ်လိုလုပ်မလဲဆိုတာကို ပြန်ပြောလို့ရမယ်။ အခုချိန်က ကျွန်တော် တစ်ယောက်တည်းနဲ့လည်း ပြောလို့မရဘူးလေ။ ဘာလုပ်မယ်ဆိုတာကို အစည်းအဝေးကျမှ ညှိမယ်”ဟု ဒေါက်တာ မောင်အောင်က ဖြေကြားခဲ့သည်။

သင်္ကြန်ကာလအတွင်းပြေးဆွဲခဲ့သည့် ယာဉ်အကူပါသည့် YBS ယာဉ်လိုင်းမှ ယာဉ်တချို့သည် လိုင်းမှ သတ်မှတ် ထားသော ငွေကြေးကို မှီနိုင်ရန်အတွက် ယာဉ်စီးခကို မိမိဖာသာ တိုး၍ ကောက်ရခြင်းဖြစ်ကြောင်း ဒရိုင်ဘာ အချို့နှင့် ယာဉ်အကူအချို့က ဧပြီလ ၁၆ ရက်နေ့တွင် ပြောဆိုထားမှုများရှိသည်။

“ဂိတ်ကို တစ်ရက် ၁၂၊ ၁၃ လောက် အပ်ရတယ်လေ။ ဂတ်စ်ဖိုးလည်း ရှိသေးတော့ တိုးကောက်ရတာပေါ့။ လစာနဲ့ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ကျတော့ ရာခိုင်နှုန်းနဲ့ရတာဆိုတော့။ အခုကောက်တာက ဘယ်လောက်ဝေးဝေး တစ်ယောက် ၅၀၀ ထဲ။ အောက်ဆိုက်ကားတွေက ဟိုနားဒီနား ၅၀၀ ရှိတယ်။ နည်းနည်း ဝေးရင် ၁၅၀၀၊ ၂၀၀၀ လောက်ဗျ“ဟု YBS ရ၉ ယာဉ်လိုင်းမှ အမည်မဖော်လိုသူ ယာဉ်အကူတစ်ဦးက ပြော သည်။

ရန်ကုန်မြို့တွင် သင်္ကြန်တွင်း လိုင်းကားရှားမှုကြောင့် အောက်ဆိုက်ကားများကိုသာ အားထားခဲ့ရသည်။

သင်္ကြန်အကြိုနေ့မှ စတင်ကာ ပြေးဆွဲနေသည့် YBS ယာဉ်များ မူလဈေးနှုန်းထက် ပိုတောင်းခံသည်ကို တိုင်ကြားပါက သတ်မှတ်စည်းကမ်းနှင့်အညီ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကပြောဆိုထားမှုများရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags