ဟိုတယ်ဝိတ်တာကို ဓါးထောက် ခြိမ်းခြောက်ကာ ငွေတောင်းခဲ့သူ နှစ်ဦးအားဖမ်းမိ

.

ဓာတ်ပုံ-မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဧပြီလ ၁၈ ။            ။ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့ရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ဝိတ်တာကို ဓါးထောက်ခြိမ်းခြောက်ကာ ငွေတောင်းခဲ့သူ ၂ ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဧပြီလ ၁၇ ရက်၊ နံနက် ၁ နာရီ၊ ၂ မိနစ်ခန့်အချိန်တွင် ဟိုတယ် ကြီးကြပ်ရေးမှူးက ဟိုတယ်အခန်းတွင် အိပ်နေရာ ဟိုတယ်ဝိတ်တာက အခန်းတံခါးခေါက် နှိုးသဖြင့် အခန်းတံခါးဖွင့်ပေးစဉ် လူနှစ်ဦးက ဟိုတယ် ဝိတ်တာအား ဓါးထောက်ပြီး အခန်းတွင်း ဝင်လာကြောင်း သိရသည်။

ထိုသို့  ဝိတ်တာကို ဓါးထောက်ဝင်လာပြီးနောက် ကြီးကြပ်ရေးမှူးအား ပိုက်ဆံအိတ်ပေးရန် ခြိမ်းခြောက်သဖြင့် ယင်း လူနှစ်ဦးအား ပိုက်ဆံအိတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ လူနှစ်ဦးက ငွေကျပ် ၁၈၀၀၀၀ ပါရှိသည့် ပိုက်ဆံအိတ်အပါအဝင် VIVO လက်ကိုင်ဖုန်း ၁လုံးနှင့် ဟွန်ဒါလက်ကိုင်ဖုန်း ၁ လုံးတို့ကိုယူဆောင်ပြီးနောက် ကြီးကြပ်ရေးမှူးနှင့် ဟိုတယ်ဝိတ်တာတို့အား အခန်းအတွင်းထည့်၍ တံခါးပိတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး အောင်မြေသာစံမြို့မရဲစခန်းမှူး ဒုရဲမှူးမိုးသူနှင့်အဖွဲ့မှ အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းပြီး စုံးစမ်းခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် မဟာအောင်မြေ မြို့နယ်၊ ဂေါဝိန်ဆိပ်၊ ဖောင်တော်ရပ်နေ အသက် ၄ဝ အရွယ် ဝဏ္ဏဆိုသူနှင့် ချမ်းအေးသာစံမြို့နယ်၊ ထင်းဝင်းရပ်နေ အသက် ၂၈ နှစ်အရွယ်   ရဲကိုကို ဆိုသူတို့ နှစ်ဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

၎င်းတို့ နှစ်ဦးကို ၄၁ လမ်းနှင့် ကန်ပတ်လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်သို့ လာရောက်တတ်ကြောင်း သတင်း အရ တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့မှ အမာခံသတင်းပေးများနှင့် အသွင်ယူစောင့်ဆိုင်း နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် အသက် ၄ဝ အရွယ် ဝဏ္ဏဆိုသူနှင့် အသက် ၂၈ နှစ်အရွယ်   ရဲကိုကို ဆိုသူတို့ကို အောင်မြေသာစံမြို့မရဲစခန်းတွင် (ပ)၁၉၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ အရ အမှုဖွင့်စစ်ဆေးနေပြီး အမှုတွဲတွင် ပါဝင်ခဲ့သည့် ကျန်တရားခံများကို ဖမ်းဆီးနိုင်ရေးနှင့် သက်သေခံပစ္စည်းများကို သိမ်းဆည်းနိုင်ရေး အတွက် လက်ရှိတွင် စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။