မန္တလေးသင်္ကြန်ကာလအတွင်း ဒဏ်ရာရသူ ၆၈၃ ဦး ၊ သေဆုံး ၈ ဦး ရှိပြီး ယခင်နှစ်ကထက်လျော့နည်းဟု ဆို

မန္တလေးသင်္ကြန်ကာလအတွင်း ဒဏ်ရာရသူ ၆၈၃ ဦး ၊ သေဆုံး ၈ ဦး ရှိပြီး ယခင်နှစ်ကထက်လျော့နည်းဟု ဆို
ဓာတ်ပုံ ကိုဝမ်း

မန္တလေးမဟာသင်္ကြန်ကာလ ၄ ရက်အတွင်း မန္တလေးအထွေထွေကုဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရရှိသူ ၆၈၃ ဦး ရောက်ရှိခဲ့ပြီး သေဆုံး၍ ရောက်ရှိခဲ့သူ ၈ ဦး ရှိသည်ဟု ဦးမင်းလွင် လက်ထောက်ညွှန်ကြားရေးမှူး (ဆေးလူမှု)က မဇ္ဈိမကို ပြောသည်။

ထိုသို့ထိခိုက်ဒဏ်ရာရရှိ၍ ရောက်လာသူ ၆၈၃ ဦးထဲမှ ၁၉၂ ဦးမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပြီး ၄၉၁ ဦးမှာ ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့သည်ဟု ၎င်းကဆိုသည်။

"ဒီသင်္ကြန်ကာလ လေးရက်အတွင်းမှာ ရောက်ရှိလာသူအများက ယာဉ်မတော်တဆမှုနဲ့ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရောက်လာတာက အများစုပါ။ ကျံုးအတွင်း ရေနစ်သေဆုံးတာမရှိပါဘူး။"ဟု ဦးမင်းလွင်ကပြောသည်။

သင်္ကြန်ကာလအတွင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ရောက်ရှိလာသည့် ထိခိုက်ဒဏ်ရာရရှိသည့် လူနာများကို ဆေးရုံဝန်ထမ်းများနှင့်အတူ၊မန္တလေးမြို့မှာရှိသည့် လူမှုပရဟိတအသင်းများက ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ကြောင်းသိရသည်။

"ကျွန်တော် ဆေးရုံဝန်ထမ်းတွေနဲ့ ပရဟိတအသင်းတွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတော့ ဒီနှစ် အတော် အဆင်ပြေပါတယ်။ ပုံမှန်ဆိုရင်တော့ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့နိုင်ပါတယ်။ စုပြံုရောက်လာတာရှိတော့ လူမှုကူညီရေးအသင်းတွေက ဝိုင်းကူတော့ အားလုံးအဆင်ပြေပါတယ်။သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်။"ဟု ဦးမင်းလွင်ကပြောသည်။

"အခုလိုလျှော့နည်းသွားတာကတော့လမ်းလျှောက်သင်္ကြန်ကြောင့်လို့ထင်ပါတယ်။ ဒါက ကျွန်တော့်အမြင်ပါ။ နောက်နှစ်တွေလည်း ဒီထက်မက လျှော့နည်းပါစေလို့ ဆုတောင်းပါတယ်။"ဟု ဦးမင်းလွင်ကပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလတွင် မန္တလေးအထွေထွေကုဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရရှိ၍ ရောက်ရှိလာသူ ၈၁၃ ဦး ရှိခဲ့ပြီး သေဆုံးသူ ၁၇ ဦး ရှိခဲ့သည်ဟု ဦးမင်းလွင်က ဆိုသည်။

ယခုနှစ်တွင် မန္တလေးအထွေထွေကုဆေးရုံကြီးသို့ထိခိုက်ဒဏ်ရာရရှိသူ ၆၈၃ဦးသာရောက်ခဲ့ပြီး သေဆုံးသူမှာ လည်း ၈ ဦးသာရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် နှစ်ကထက် လျှော့နည်းသည်ဟုလည်း ဦးမင်းဆွေကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly