မြောက်ကိုရီးယားတို့၏ ပြန်ပေးဆွဲခြင်းကိုခံခဲ့ရသော တောင်ကိုရီးယားမင်းသမီးကြီး ချွိုင်းအန်ဟီး ကွယ်လွန်

မြောက်ကိုရီးယားတို့၏ ပြန်ပေးဆွဲခြင်းကိုခံခဲ့ရသော တောင်ကိုရီးယားမင်းသမီးကြီး ချွိုင်းအန်ဟီး ကွယ်လွန်

မြောက်ကိုရီးယားတို့၏ ပြန်ပေးဆွဲခြင်းကိုခံခဲ့ရပြီး မြောက်ကိုရီးယားနိုင်ငံအတွက် ရုပ်ရှင်ကားကောင်းများ ဖန်တီးရန် ဖိအားပေးခိုင်းစေခံခဲ့ရသော နာမည်ကျော်ဝါရင့် တောင်ကိုရီးယားမင်းသမီးကြီး ချွိုင်းအန်ဟီးသည် အသက် ၉၁ နှစ်အရွယ်၌ ကွယ်လွန်သွားပြီဖြစ်သည်။

ချွိုင်းအန်ဟီးသည် ပြန်ပေးဆွဲခံခဲ့ရစဉ်က တောင်ကိုရီးယား၏ ဒိတ်ဒိတ်ကြဲမင်းသမီးကြီးဖြစ်ခဲ့ပြီး သူမအား လွန်ခဲ့ သော ၁၉၇၀ ခုနှစ်များက ကင်ဂျံုအီးလ်၏ အမိန့်အတိုင်း ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

သူမ၏ ခင်ပွန်းဟောင်းဖြစ်သူမှာလည်း နာမည်ကြီးဒါရိုက်တာဖြစ်ခဲ့ပြီး သူမ ပြန်ပေးဆွဲခံခဲ့ရပြီးနောက် လအနည်း ငယ်အကြာတွင် သူလည်း အဖမ်းခံခဲ့ရပြီး နောက်ပိုင်းတွင် သူတို့နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။

မြောက်ကိုရီးယားတို့ကမူ ၄င်းတို့သည် ထိုအနုပညာရှင်စုံတွဲအား အဓမ္မဖမ်းဆီးခဲ့ခြင်းမဟုတ်ကြောင်းနှင့် သူတို့ နှစ်ဦးမှာ ခိုလှုံခွင့်တောင်းခံခဲ့ကြခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။

မစ္စချွိုင်းသည် တောင်ကိုရီးယားနိုင်ငံရှိ ဆေးရုံတစ်ခု၌ တနင်္လာနေ့နေ့လည်ပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“ကျနော့်ရဲ့မိခင်ဟာ ဒီနေ့နေ့လည်ပိုင်းမှာ ကျောက်ကပ်သန့်ရှင်းရေးလုပ်ဖို့ ဆေးရုံသွားစဉ်မှာပဲ ကွယ်လွန်သွား ခဲ့ပါတယ်” ဟု မစ္စချွိုင်း၏ အကြီးဆုံးသားဖြစ်သူ ဒါရိုက်တာရှင်ဂျောင်ဂျွန်းက ယိုဟပ်သတင်းစာသို့ ပြောခဲ့သည်။

လွန်ခဲ့သော ၁၉၂၆ ခုနှစ်တွင် ဖွားမြင်ခဲ့သော မစ္စချွိုင်းသည် အနုပညာလောကထဲသို့ ၁၉၄၇ ခုနှစ်တွင် စတင် ခြေချခဲ့ပြီး အောင်မြင်မှုများရရှိခဲ့သူဖြစ်သည်။ သူမသည် ၁၉၇၀ အနှောင်းပိုင်းတွင် ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းခဲ့ပြီး နောက် ဟောင်ကောင်စီးပွားရေးသမားတစ်ဦး၏ ဖိတ်ကြားချက်ကြောင့် ဟောင်ကောင်သို့သွားရောက်ခဲ့စဉ်တွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။

သူမအား မြောက်ကိုရီးယားတာဝန်ရှိသူများက ပြံုယမ်းမြို့ရှိ တန်ဖိုးကြီးနေအိမ်၌ ပေးနေခဲ့ပြီး အစောင့်အကြပ် များချထားခဲ့သည်။ ထို့နောက်တွင် သူမ၏ခင်ပွန်းဟောင်းဖြစ်သူကိုလည်း ပြန်ပေးဆွဲခဲ့သည်ဟု သိရသည်။

ကွယ်လွန်သွားသော မြောက်ကိုရီးယား၏ ခေါင်းဆောင်ဟောင်းဖြစ်သူ ကင်မ်ဂျံုအီးလ်သည် ရုပ်ရှင်ဝါသနာအိုး ဖြစ်ပြီး ဟောလိ၀ုဒ်ရုပ်ရှင်များကိုလည်း တက်ကြွစွာကြည့်ရှုလေ့ရှိသူဖြစ်သည်။ မစ္စချွိုင်းတို့ အနုပညာရှင်မောင်နှံ နှစ်ဦးကြောင့် မြောက်ကိုရီးယားရုပ်ရှင်လောက တိုးတက်လာပြီး နိုင်ငံတကာစင်မြင့်ပေါ်သို့ ရောက်ရှိနိုင်မည်ဟု ကင်ဂျံုအီးလ်က ယူဆခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား၌ ၈ နှစ်ခန့် နေထိုင်ခဲ့အပြီးတွင် မစ္စချွိုင်းတို့မောင်နှံနှစ်ဦးသည် ကင်မ်ဂျံုအီးလ်၏ ယုံကြည်မှုကို ရရှိခဲ့ပြီး သြစတြီးယားနိုင်ငံ ဗီယင်နာမြို့သို့ ရုပ်ရှင်ကိစ္စအတွက် သွားရောက်ရန် စေလွှတ်ခံခဲ့ရသည်။ ထို့နောက် တွင် မစ္စချွိုင်းတို့သည် ဗီယင်နာသို့ရောက်ရှိစဉ်တွင် အမေရိကန်သံရုံးသို့သွားရောက်ပြီး နိုင်ငံရေးခိုလှုံခွင့်တောင်း ခံခဲ့ကာ တောင်ကိုရီးယားသို့ ပြန်ပြေးလာနိုင်ခဲ့ကြသည်။

မစ္စချွိုင်း၏ ကွယ်လွန်မှုကြောင့် ကိုရီးယားတစ်နိုင်ငံလုံး ၀မ်းနည်းပူဆွေးခဲ့ကြပြီး လူမှုမီဒီယာများပေါ်၌ နာမည်ကြီး အနုပညာရှင်များအပါအဝင် ပြည်သူများက အမျိုးမျိုးဆုတောင်းပေးလျက်ရှိသည်။

“ကျမ အထက်တန်းကျောင်းသူဘဝတုန်းက သူမရဲ့ရုပ်ရှင်တွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ သူမရဲ့ သရုပ်ဆောင်မှုကို ကြည့်ရှုပြီးတဲ့အခါမှာ ကျမကိုယ်တိုင်လည်း မင်းသမီးဖြစ်ချင်ခဲ့ပါတယ်” ဟု အသက် ၈၂ နှစ် အရွယ်ရှိ မင်းသမီးကြီး အမ်အန်းရမ်က ပြောခဲ့သည်။

မစ္စချွိုင်း၏ စျာပနကို ဆိုးလ်မြို့၌ ကြာသာပတေးနေ့တွင် ပြုလုပ်မည်ဟု သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly