ကချင်စစ်ဘေးရှောင်များ ကယ်ထုတ်ပေးရေး တောင်းဆိုမှု ပြည်နယ်အစိုးရ အကြောင်းမပြန်သေး

ကချင်စစ်ဘေးရှောင်များ ကယ်ထုတ်ပေးရေး တောင်းဆိုမှု ပြည်နယ်အစိုးရ အကြောင်းမပြန်သေး

ရန်ကုန် ၊ ဧပြီ ၁၈ ။           ။ ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ပြည်သူများအား ကယ်ဆယ်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံ စာဖြင့်တင်ပြ တောင်းဆိုထားသော်လည်း အကြောင်း ပြန်ကြားခြင်း မရှိသေး ဟု ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမုန်ဒန်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"ကျွန်တော်တို့ ၀န်ကြီးချုပ်ဆီ တင်ထားတဲ့စာက ဘာအကြောင်းပြန်ကြားချက်မှ မရှိသေးဘူး။ ကျွန်တော်တို့ နောက်တစ်ဆင့်အနေနဲ့ PCG ရယ်  KCB ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်ရယ် သူတို့ကို လိပ်မူပြီးတော့မှ စာပြန်တင်ထားတယ်။ မြစ်ကြီးနားက ခရစ်ယာန် ဂိုဏ်းပေါင်းစုံ နဲ့ PCG နဲ့ ပေါင်းပြီးမှ ၀န်ကြီးချုပ်ဆီ စာတစ်စောင်တင်ထားတယ်လို့ ကြားတယ်" ဟု ဦးမုန်ဒန်က ဆိုသည်။

ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီအနေဖြင့် ပြည်နယ်ဝန်ကြီးချုပ် ထံ စာတင်ထားသည်မှာ ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကတည်းက ပေးပို့ထားခြင်းလည်း ဖြစ်သည်။

အစိုးရတပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့၏ တိုက်ပွဲများကြောင့် တနိုင်းမြို့နယ် အောင်လောဒ် ၊ ဆွတ်ရိန်ယန် နှင့် ဆွတ်ရာ ကျေးရွာတို့မှ ဒေသခံ ပြည်သူ ၂၀၀၀ ခန့်သည် တောတောင်အတွင်းသို့ စစ်ရှောင်နေရခြင်း ဖြစ်သည်။

"အခုလောလောဆယ် သူတို့ ညှိနှိုင်းနေဆဲလို့ ကျွန်တော်တို့သိရတယ်။ PCG နဲ့ ကျန်တဲ့ ဘာသာရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး တင်ထားတဲ့စာက မနေ့ကမှ ၀န်ကြီးချုပ်ဆီ စာတင်ထားတယ်လို့ပြောတယ်။ ၀န်ကြီးချုပ်ဆီကမှ တရားဝင်စာထုတ်ဖို့ အတွက် စောင့်နေရတယ်လို့ ကျွန်တော်တို့ ကြားရတယ်" ဟု ဦးမုန်ဒန်က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့၌ ဖားကန့်ရှိ တံတားညီနောင်ရွာတွင် တပ်မတော်စစ်စခန်းတစ်ခုကို KIA က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးသည့် နောက်ပိုင်း ကချင်ပြည်နယ်အတွင်း၌ တိုက်ပွဲများ နေ့စဉ်ဆိုသလို ပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly