လိင်အကြမ်းဖက်မူနည်းဗျူဟာ အသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက် မြန်မာကိုယ်စားလှယ်အဖွဲ့ ပယ်ချ

လိင်အကြမ်းဖက်မူနည်းဗျူဟာ အသုံးပြုခဲ့သည်ဆိုသော စွပ်စွဲချက် မြန်မာကိုယ်စားလှယ်အဖွဲ့ ပယ်ချ
ဓာတ်ပုံ-EPA
 

ရန်ကုန်၊ ဧပြီလ ၁၈ ။            ။ ရခိုင်ပြည်နယ်မှ ဒုက္ခသည်များအား ၎င်းတို့နေအိမ်များမှ စွန့်ခွာထွက်ပြေးစေရန် လိင်အကြမ်းဖက်မှုကို နည်းဗျူဟာတစ်ရပ်အဖြစ် အသုံးပြုခဲ့သည်ဟူသော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို မြန်မာကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ပြတ်သား စွာ ပယ်ချပါကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားခဲ့သည်။

အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးဖွင့် ဆွေး နွေးပွဲတစ်ရပ်ကို နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် ဧပြီလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ယင်းဆွေးနွေးပွဲတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ ဧပြီလ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “ပဋိပက္ခနှင့် ဆက်စပ်သည့် အမျိုးသမီးများအား အကြမ်းဖက်မှု ကာကွယ်တား ဆီးရေးတွင် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် တိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဤကိစ္စနှင့် ပတ်သက်သည့် အတွင်း ရေးမှူးချုပ်၏ နှစ်စဉ်အစီရင်ခံစာတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့် အရေးများကို ကာကွယ် ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အရေးပါသည့် ခြေလှမ်းများ စတင်နိုင်ခဲ့သည်ဟု အသိအမှတ်ပြုထားကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးနှင့် အပြုသဘောဆောင်စွာ ချိတ်ဆက်ဆောင်ရွက်ရန် စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းလျက်ရှိသော်လည်း မြန်မာ့ တပ်မတော်အား အစီရင်ခံစာ၏ နောက်ဆက်တွဲစာရင်းတွင် ထည့်သွင်းထားသည်မှာ လွန်စွာစိတ်မကောင်းဖွယ် ဖြစ်ကြောင်း” သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။

ထို့ပြင် “ အတည်မပြုနိုင်သည့် စွပ်စွဲချက်များပေါ်တွင် အခြေခံ၍ နောက်ဆက်တွဲစာရင်းတွင် ယင်းသို့ ထည့် သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့ပြင် စွပ်စွဲထားသည့်အမှုများကို စုံစမ်းဖော်ထုတ်ရေးအတွက် ကော့စ်ဘဇား စခန်းရှိ ထိခိုက်စော်ကားခံရသူဆိုသူများကို သွားရောက်တွေ့ဆုံမေးမြန်းရန် မိမိတို့ဘက်မှ ကြိုးပမ်းခဲ့ သော် လည်း စနစ်တကျ တွေ့ဆုံမေးမြန်းခွင့်ပြုရန် တောင်းဆိုမှုကို ငြင်းဆန်ခဲ့ခြင်းကြောင့် စွပ်စွဲမှုများကို အတည် မပြုနိုင်ခဲ့ သည့်အပေါ် အလွန်စိတ်ပျက်ရကြောင်း ” လည်း ပြောကြားခဲ့သည်။

အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် လိင်အကြမ်းဖက်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ မည် သည့် လူ့အခွင့်အရေး ချိုးဖောက်မှုကိုမျှ လျစ်လျူရှုရန် မရှိကြောင်းဖြင့် မြန်မာအစိုးရ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြောကြား ခဲ့ပြီးဖြစ်သည့်အတွက်  သက်သေအထောက်ထား ခိုင်လုံစွာရှိပါက မည်သည့် ချိုးဖောက်သူ ကိုမဆို အကာအကွယ် မပေးဘဲ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကာ အင်းဒင် အဖြစ် အပျက်တွင် ပါဝင်ပတ်သက်ခဲ့သည့် တပ်မတော်သား (၇)ဦးကို မကြာမီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ် ခဲ့ခြင်းသည် တရားဥပဒေ စိုးမိုးရေးအတွက် အစိုးရ၏ ခိုင်မာသည့် ကတိကဝတ်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် ထိုသို့ ဆက်တိုက်ပုံဖော်ပြောကြားနေမှုများသည် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား လက်ရှိ ပူးပေါင်းဆောင်ရွက်မှုများနှင့် လက်ရှိ လူသားချင်း စာနာထောက်ထားမှု ပြဿနာ အပြင် ရှုပ်ထွေးသည့် ရခိုင်ပြည်နယ် အခြေအနေကို ရေရှည်အဖြေရှာမှုများ ပြုလုပ်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကို ဆိုးရွားစွာ ထိခိုက်စေမည်သာဖြစ်ကြောင်းလည်း သံအမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly