စကားပြေအရေးအသား အမှားပြဿနာ ( ၁ )

.

ကျနော်တို့ အခုရေးနေတဲ့ စကားပြေအရေးအသားဆိုတာ စကားပြောကို စနစ်တကျမှတ်တမ်းတင်တဲ့သဘောပါပဲ။ တနည်းအားဖြင့်ပြောရရင် စကားပြောကို စာနဲ့ချရေးတဲ့သဘော ၊ စာနဲ့စကားပြောတဲ့သဘောပါပဲ။ ဒါပေမယ့် စကားပြောနဲ့ စကားပြေဟာ အခြေခံအားဖြင့်သာ တူကြပေမယ့် ရည်ရွယ်တာချင်းသာတူကြပေမယ့် နည်းပရိယာယ်ချင်းကြတော့ မတူပါဘူး။ စကားပြောနည်းဟန်နဲ့ စကားပြေရေးဟန်နဲ့က မတူပါဘူး။ စကားပြောကသပ်သပ် စကားပြေက သပ်သပ်ဖြစ်ပါတယ်။

ဒီအချက်ကို ရှေ့ဆက်ဆွေးနွေးသွားရင်းနဲ့ အခြေအနေပေးရင်ပေးသလောက် ဆက်လက်ဆွေးနွေးသွားမှာပါ။

အခု ဆိုရင် ကျနော်တို့မြန်မာလူမျိုးရဲ့ ပျော်ရွှင်စရာကောင်းတဲ့ သင်္ကြန်အခါတော်ရက်တော့ ကျော်ခဲ့ပါပြီ။ ဒါပေမယ့် သင်္ကြန်ရက်အတွင်း သင်္ကြန်မဏ္ဍပ်တွေ၊ တီရှပ်အကျီတွေနဲ့ လမ်းဘေးဆိုင်းပုတ်တွေမှာ မြန်မာစာအရေးအသား အမှားအယွင်းတွေဟာ ယခင်ကထက်ပိုပြီး မှားယွင်းတိမ်းစောင်းနေကြပြီလို့ ကျနော်ထင်မိတယ်။ တစ်ခုတော့ ရှိပါတယ်။ ဒီလို ယခင်ကထက် ပိုပြီးမှားယွင်းနေကြတယ်လို့ ကျနော်ပြောတာဟာ ကျနော်ကိုယ်တိုင်က ယခင်နှစ်ကထက်ပိုပြီး ဂရုတစိုက်လိုက်ကြည့်နေမိလို့ ဒီနှစ်က ပိုပြီး အမှားအယွင်းများနေတယ်လို့ ထင်လိုက်တာ ဖြစ်ကောင်းလည်းဖြစ်နိုင်ပါတယ်။ ဒီိလိုအမှားတွေဟာ မှားနေတာကြာကောင်းလည်း ကြာနေပြီထင်ပါရဲ့။

ဥပမာ မော်တော်ယာဉ်များ ဒီနေရာမှာ မရပ်ရ လို့ရေးရမယ့်နေရာမှာ “မရတ်”ရ လို့ရေးထားတာမျိုး၊ ရေခွက်နဲ့ “ခွက်ဆောင်းမပက်ရ” ဆိုတာမျိုး၊ အမှန်က “ခွက်စောင်း”လို့ရေးရမှာပါ။ ဒီလိုစကားလုံးပေါင်းအမှားတွေဟာ နေရာတိုင်းမှာလို တွေ့ခဲ့ကြရပါတယ်။ အသံထွက်ချင်းက မနီးမဝေးဖြစ်တော့ကာ ဖတ်တဲ့သူတွေကလည်း အလေးအနက်မထားကြတော့ဘူးထင်ပါရဲ့။ အထူးသဖြင့် လူကြီးတွေက သူတို့စိတ်နဲ့ ဖြည့်စွက်နားလည်ပြီး ဖတ်သွားဖို့များပေမယ့် လူငယ်တွေက ဒိီလိုအရေးအမှားကို အမှန်လို့ပဲယူဆပြီး သူတို့ကိုယ်တိုင် စာရေးကြတဲ့အခါ အဲဒီအမှားအတိုင်းပဲ လိုက်ရေးကြတော့မှာ အသေအချာပါပဲ။

နောက်ထပ် ဟာသဖြစ်ဖွယ်အရေးအမှား တချို့ ဖြည့်ပြောချင်ပါသေးတယ်။ “နာရေးဖြစ်လျင် ကာယကံရှင်ကိုယ်တိုင် လာရောက်အကြောင်းကြားပါရန်”ဆိုတဲ့ဆိုင်းပုတ်မျိုးနဲ့ အိမ်စိုက်ပျိုးခင်းတချိ့ အိမ်ခြံဝင်းတချို့ဘေးမှာ “နွားမ၀င်ရ” ဆိုတဲ့ ဆိုင်းပုတ်တွေဟာလည်း အရေးအသားမှားယွင်းနေတာ တွေ့ကြရမှာပါ။ ဒီအရေးအသားအမှားတွေကြတော့ ရယ်ဖို့ကောင်းလောက်အောင်ကိုပဲ မှားယွင်းနေတာ တွေ့ကြရမှာပါ။ ဒါတွေကြတော့ စကားလုံးပေါင်းအမှားမဟုတ်ဘဲ ၀ါကျအထားအသိုအမှား၊ အဓိပ္ပါယ်ပြည့်စုံမှန်ကန်အောင်မရေးဘဲထားတဲ့ အမှားတွေပါပဲ။

ကဲ ဒီကနေ့တော့ အခါရက်တွေအတွင်း ရပ်နားထားခဲ့ရတဲ့ မြန်မာစကားပြေအရေးအသားကိစ္စ ဆက်ပြီးမဆွေးနွေးခင် ပြန်နွှေးတဲ့အနေနဲ့ စကားလုံးပေါင်းသတ်ပုံအမှားတွေအကြောင်း ပြန်နွှေးလိုက်တာပါ။

ဒီနေရာမှာ နွှေးလက်စနဲ့ပဲ တစ်စုံတရာဆွေးနွေးပြီးသားအကြောင်းအရာကို ဆက်ပြီးဆွေးနွေးချင်ပါသေးတယ်။ အဲဒါကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ဖြစ်နေလို့ပါပဲ။

“ပညတ်အနက်”နဲ့ “တွဲဘက်အနက်” ဆိုတဲ့အချက်ကို ဒီကနေ့ဆွေးနွေးချင်ပါတယ်။ ဒီအချက်ကို အပြည့်အစုံမဟုတ်ဘဲ စတိသဘောတော့ ကျနော်ပြောခဲ့ဖူးပါတယ်။

“မဒီဒေ၀ီသည် တကယ့် မိန်းမသားတစ်ဦးပင်ဖြစ်သည်ဟု ဆိုရပေတော့မည်”ဟူသည့်စာတွင် မဒီဒေ၀ီ ဟူသည်မှာ အမျိုးသမီးများ မိန်းမများတွင်သာ တွင်သောအမည်နာမဖြစ်ပါတယ်။ ဒါကို လူတိုင်းသိပါတယ်။ မိန်းမများ အမျိုးသမီးများအတွက် အများက သတ်မှတ်ပေးထားသော ပညတ်နာမဖြစ်ပါတယ်။ ဒါဆိုလျင် မဒီဒေ၀ီသည် တကယ့်မိန်းမသားတစ်ဦးပင်ဖြစ်သည်လို့ ပြောဖို့လိုပါရဲ့လား။

သည်နေရာမှာ မဒီဒေ၀ီသည် တကယ့်မိန်းမသားတစ်ဦးဖြစ်သည်ဆိုတဲ့စာမှာ မိန်းမသားမှန်ပင်မှန်သော်ငြားလည်း မဒီဒေ၀ီသည် သာမာန်မိန်းမသားမဟုတ်တဲ့ အများတကာ မိန်းမများထက် ပိုမိုချောမောသော၊ ပိုမို စိတ်ထားမြတ်သော မိန်းမသားဖြစ်သည်ဆိုသည့်အဓိပ္ပါယ်ကို ကျနော်တို့က ထည့်ရေးမထားသည့်တိုင် နားလည်လိုက်ကြရပါတယ်။ မိန်းမသားဆိုတာ ပညတ်နာမည်ဖြစ်ပေမယ့် ဒီနေရာမှာရေးသားထားတဲ့ မိန်းမသားက သာမာန်မိန်းမသားတွေထက် ထူးခြားနေတဲ့အဓိပ္ပါယ်က ထည့်မရေးသည့်တိုင် နောက်ကကပ်ပါလာနေတာကို သိကြရမှာဖြစ်ပါတယ်။ အဲဒါကို တွဲဖက်အနက်လို့ခေါ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ဂယက်အနက်လို့လည်း ခေါ်ပါတယ်။

ဒီလိုပညတ်အနက်ရှိတဲ့စကားလုံးနောက်က တွဲဖက်ရှိနေတဲ့အနက် ဂယက်အနက်ကို အသုံးပြုမှု ကျွမ်းကျင်ရင်ကျွမ်းကျင်သလောက် ကိုယ်ရေးတဲ့စကားပြေဟာလည်း ပိုမိုကောင်းမွန်လှပလာစေနိုင်ပါတယ်။

အဲဒီတွဲဖက်အနက်သဘောဟာ စာဖတ်သူရဲ့ခံစားမှုနဲ့ ဆက်စပ်နေတာမို့ အင်မတန်သိမ်မွေ့ပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဥပမာတစ်ခုကျနော်ပြောပါ့မယ်။ အင်္ဂလိပ်အစိုးရလက်အောက်နေခဲ့ရစဉ်က အင်္ဂလိပ်တွေကို အထင်ကြီးပြီး ကိုယ့်လူမျိုးကိုယ့်ယဉ်ကျေးမှုကို အထင်သေးတတ်ကြတဲ့ လူတချို့ဟာ သူတို့ရဲ့နာမည်ရှေ့မှာ “မစ္စတာ” ဆိုတဲ့စကားလုံး ထည့်သုံးလေ့ပြောလေ့ရှိတတ်ကြပါတယ်။ စာရေးရင်လည်း သူတို့နာမည်ရှေ့က အင်္ဂလိပ်နာမည်တွေလို မစ္စတာဆိုတာတပ်လိုက်ရင် အဆင့်မြင့်သွားပြီလို့ ယူဆဂုဏ်ယူကြပါတယ်။ အဲဒီအချိန်မှာ စာရေးဆရာ ၀န်စာရေးဦးကြီးက ၀တ္ထုတစ်ပုဒ်ရေးပါတယ်။ သူ့ဝတ္ထုရဲ့အမည်က “ချဉ်ပေါင်ရွက်သည် မောင်မှိုင်း”ဖြစ်ပါတယ်။ အဲဒီဝတ္ထုထဲက ဇာတ်လိုက်ဖြစ်သူ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းဟာ အင်မတန်မိန်းမပွေတဲ့ လူရှုပ်လူပွေတစ်ယောက်ဖြစ်ပါတယ်။ ကလိမ်ကကျစ်ကျတတ်တဲ့သူဖြစ်ပါတယ်။ အဲဒီဝတ္ထုထဲမှာ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းဟာ လူရုတ်မာဖြစ်ပါတယ်။ အဲဒီဝတ္ထုဟာ တော်တော်နာမည်ကြီးပါတယ်။ ဒီတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက သူ့ကလောင်နာမည်ရှေ့မှာ မစ္စတာတပ်လိုက်ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ရည်ရွယ်ချက်က လူတကာအော့နှလုံးနာနေတဲ့ ချဉ်ပေါင်ရွက်သည်မောင်မှိုင်းရဲ့အမည်ရှေ့က တမင်ပဲ မစ္စတာတပ်လိုက်ပြီးတော့ ကိုယ့်နာမည်ရှေ့မှာ မစ္စတာတပ်ပြီး ဂုဏ်ယူဝံ့ကြွားနေတဲ့သူတွေ လူမျိုးခြားအထင်ကြီးသူတွေကို လူရုတ်မာမောင်မှိုင်းနဲ့ နှိုင်းသလိုဖြစ်ပြီး လူမျိုးခြားအထင်ကြီးသူတွေ အရှက်ရစေခဲ့ပါတယ်။

အဲသလို ချဉ်ပေါင်ရွက်သည်မောင်မှိုင်းဟာ သာမာန်အားဖြင့်ဆိုရင် ဈေးသည်တစ်ဦးသာဖြစ်ပေမယ့်လည်းသူ့နောက်ကလိုက်လာတဲ့ တွဲဖက်အနက်က လူရုတ်မာဆိုတဲ့အနက်ဖြစ်လေတော့ အဲဒီမောင်မှိုင်းရှေ့က “မစ္စတာ”တပ်လိုက်ရင်ပဲ မစ္စတာတပ်ချင်သူတွေကို အရှက်ရသွားစေတာဟာ တွဲဖက်အနက်ရဲ့ ထိရောက်မှု ထူးခြားမှုကြောင့်ပါပဲ။

ကဲ ဒီကနေ့တော့ “ပညတ်အနက်”နဲ့ “တွဲဖက်အနက်” ဆိုတာကို ကျနော်ဆွေးနွေးခဲ့ပါတယ်။

လူငယ်များ စကားပြေအရေးအသား မှန်ကန်လှပနိုင်ကြပါစေ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)