ရွှေတိဂုံဘုရားတွင် လူအများ စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်

ရွှေတိဂုံဘုရားတွင် လူအများ စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်
(ဓာတ်ပုံ - စိုးသူအောင်/မဇ္ဈိမ)

ဆေးရုံများ၌ လိုအပ်နေသော သွေးလိုအပ်ချက်များ ကိုဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပြီး နှစ်ဆန်းတစ်ရက်နေ့ ရွှေတိဂုံဘုရားတွင် လူရာချီစုပေါင်းသွေးလှူဒါန်းမှုတစ်ခုကို ပြုလုပ်ခဲ့သည်။

မြန်မာသက္ကရာဇ် ၁၃၈၀၏ နှစ်ဆန်းတစ်ရက်နေ့သည် မြန်မာ့တို့၏ အထွဋ်အမြတ်နေ့ဖြစ်သောကြောင့် စေတနာသွေး အလှူရှင်များရှိသည့်နေရာကို လာရောက်ပြီး သွေးအလှူခံရခြင်းဖြစ်သည်ဟု အမျိုးသားသွေးဌာနတာဝန်ခံ ဒေါက်တာ သီတာအောင် ပြောသည်။

"ဒီလိုမျိုးရွှေတိဂုံစေတီတော်ကြီးရဲ့ ထီးတော်ရိပ်အောက်ဆိုတာ လှူဒါန်းချင်တဲ့သူတွေလာနေတဲ့နေရာ။ အဲ့တော့ သူတို့ရဲ့လှူဒါန်းခွင့်လေးကို ဆရာမတို့ကဖြည့်ပေးလိုက်နိုင်မယ်ဆိုရင် လူနာတွေအတွက် အဆင်ပြေမယ်။ ဒါကြောင့်မို့လို့ အဓိက လူနာတွေအတွက် စေတနာသွေး လှူရှင်မရှိမဖြစ်လိုတယ်။ ဒါနံပါတ် ၁ ဘယ်သူမှ ငြင်းလို့မရဘူး။ နံပါတ် နှစ်က စေတနာသွေးအလှူရှင်တွေ သွေးလှူဘဏ်ကို လာလှူမှသာ ထိုင်စောင့်နေမယ်ဆိုရင် လုံလောက်တဲ့အရေ အတွက်ရ ဖို့ဆိုတာ အဆင်မပြေဘူး "  ဟု ၄င်းကပြောဆိုသည်။

သွေးလှူဒါန်းပွဲကို ရွှေတိဂုံစေတီဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ ဦးဆောင် ပြီး ၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့တင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၃၂ ကြိမ်ရှိပြီဖြစ် ကြောင်း သိရသည်။

သွေးလှူဒါန်းမှုများကို ရွှေတိဂုံဘုရားတွင် တစ်နှစ် သုံးကြိမ်ပြုလုပ်နေခြင်းဖြစ်ပြီး ဧပြီလတွင် နှစ်ဆန်းတစ်ရက် နေ့၊ သြဂုတ်လတွင် လပြည့်နေ့နှင့်  ဒီဇင်ဘာလတွင် သွေးအလှူရှင်ဂုဏ်ပြုပွဲနေ့နှင့် နီးစပ်သည့် တနင်္ဂနွေနေ့များတွင် ပြုလုပ်နေခြင်းဖြစ်သည်။

" သွေးလှူတာက တခြားအလှူတွေနဲ့မတူတာက ကိုယ့်ရဲ့ခန္ဒာကိုယ်ထဲက သွေးကို လှူရတဲ့အခါကျတော့လေ ဒါနပါရမီမြောက်တယ်ပေါ့။ မြတ်စွာဘုရား ဟောအရ။ တခြားလှူစရာရှာနေစရာမလိုပဲ ကိုယ့်ခန္ဓာကိုယ်ထဲက လှူတာဖြစ်တဲ့အတွက် ပီတိလည်းပိုဖြစ်ရတာပေါ့။ အမြဲသွေး လှူနိုင်အောင်လည်းကြိုးစားပါတယ်။ ၁၉ နှစ် လောက်ကစပြီးလှူတာပေါ့ အခုထိ"ဟု ၅၂ ကြိမ်မြောက်သွေးလှူဖြစ်ခဲ့သည့် မင်္ဂလာဒုံမြို့နယ်မှ မဝင်းဝင်းသန့်ကပြောသည်။

ရွှေတိဂုံစေတီတွင်သွေးလှူဒါန်းပွဲပြုလုပ်တိုင်း လူဦးရေ တစ်ထောင်ခန့် အမြဲလိုလိုလာရောက် လှူဒါန်းလေ့ရှိသည်ဟု အမျိုးသား သွေးဌာနတာဝန်ခံ ဒေါက်တာသီတာအောင်က ပြောသည်။

မြန်မာနိုင်ငံ၏ ဆေးရုံများတွင် လူနာတွေအတွက် သွေးလိုအပ်ချက်သည် တစ်နှစ်ထက်တစ်နှစ်မြင့်မားလာပြီး ၂၀၀၈ ခုနှစ်မှစတင်ကာ ၁၀ နှစ်အတွင်း သွေးလိုအပ်ချက်ကလည်း ၃ ဆလောက်တက်လာကြောင်း အမျိုးသားသွေးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly