လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူအားလုံးကို မန္တလေးဗဟိုအကျဉ်းထောင်မှ လွှတ်ပေး

လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူအားလုံးကို မန္တလေးဗဟိုအကျဉ်းထောင်မှ လွှတ်ပေး
(ဓာတ်ပုံ - အောင်ကိုဦး)

မန္တလေးဗဟိုအကျဉ်းထောင်မှ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မွန်းလွဲ ၁ နာရီက စတင် လွှတ်ပေးလျှက်ရှိရာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူအားလုံးကို ယနေ့ အပြီးလွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၇ ရက်နေ့ လွှတ်ပေးလိုက်သူများကို မန္တလေး ဗဟိုအကျဉ်းထောင်မှ ဘူတာကြီးသို့ ကားများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း တွေ့ရသည်။

မန္တလေး ဗဟိုအကျဉ်းထောင်မှအမျိုးသား အကျဉ်းသား ၄၂၈ ဦးနှင့်အမျိုးသမီးအကျဉ်းသူ ၃၂ ဦး လွတ်မြောက်လာခြင်း ဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူအများစုသည် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ပြစ်ဒဏ်ကျခံနေရသူများဖြစ်ကြောင်း လွတ်မြောက်လာသူအချို့ထံမှသိရသည်။

ထို့ပြင် ယနေ့လွတ်မြောက်လာသူများထဲတွင် သေဒဏ်မှလွတ်မြောက်လာသူ တစ်ဦးပါဝင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့ နံနက်ပိုင်းတွင် မြန်မာနှစ်ကူးအခါမယ အထိမ်းအမှတ်အဖြစ် လည်းကောင်း၊ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံကြရသော နိုင်ငံသား အကျဉ်းသား၊အကျဉ်းသူ ၈၄၉၀ ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ပုဒ်မခွဲ ၁ အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်၍ ယခုလို လွတ်မြောက်လာခြင်း ဖြစ်သည်။

ထုံးဘို ကုန်ထုတ်လုပ်စခန်းမှ အမျိုးသမီး ၁၅၁ဦး၊ထုံးဘို ကုန်ထုတ်လုပ်စခန်း(၁)မှ အမျိုးသား ၁၈၁ဦး၊ထုံးဘို ကုန်ထုတ်လုပ်စခန်း(၂)မှအမျိုးသား ၁၃၆ဦး၊ဘယ်လင်း အကျဉ်းစခန်း(၁)မှ အမျိးသား ၁၁၀ဦး၊ ဘယ်လင်း အကျဉ်းစခန်း (၂)မှအမျိုးသား ၈၉ ဦး၊မိတ္ထီလာအကျဉ်းစခန်းမှအမျိးသား ၅၄ဦးနှင့်အမျိုးသမီး ၁၀ ဦးတို့ လွတ်မြောက်ကြောင်း လတ်တလော သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly