မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်တွင် သင်္ကြန်လည်ပတ်နေသည့် ကိုနိုင်နိုင်အောင်ဆိုသူအပါအဝင် ၁၄ ဦးအား ကျောက်ခဲဖြင့်ထုခဲ့သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ ယနေ့ ဧပြီလ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်၊ ညနေ ၄ နာရီအချိန်တွင် ကိုနိုင်နိုင်အောင်ဆိုသူအပါအဝင် ၁၄ ဦး တင်ဆောင်လာသော မော်တော်ယာဉ်မှာ သင်္ကြန်လည်ပတ်စဉ် အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀၊ ၂၂x၂၃ လမ်း ကြားအရောက် ကားကြပ်နေသဖြင့် ရှေ့တွင်ရပ်ထားသည့် ဂျစ်ကားအားကျော်တက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ကျော်တက်ကာ ရှေ့တွင်ရပ်ထားစဉ် ဂျစ်ကားပေါ်မှ လူ ရ ဦးဆင်းလာပြီး ဆဲဆိုကြိမ်းဝါးပြီး အမျိုးသားတစ်ဦးမှ ခဲနှင့်ထုသဖြင့် ကိုနိုင်နိုင်အောင်၏တူဖြစ်သူ အသက် ၁၃ နှစ်အရွယ် ထွန်းမင်းမြတ် မျက်နှာသို့ ထိမှန်သဖြင့် နှာခေါင်းရိုး/ပါးရိုးကျိုးဒဏ်ရာများရရှိခဲ့သည်။
အဆိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေခဲ့ရာ ယာဉ်မောင်းဖြစ်သူမှာ တရုတ်ကြီး(ခ) ဆံရှည်ဖြစ်ပြီး ဂျစ်ကားပိုင်ရှင်ဖြစ်သူ ဇော်မင်းထွန်း(ခ)ဆံရှည်(ခ)တုတ်ကြီးဆိုသူကို အောင်မြေသာစံရပ်ကွက်ရှိ ဖူဆယ်ဘောလုံးကွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဂျစ်ကားပိုင်ရှင်ထွက်ဆိုချက်အရ ကျံုးအနောက်ဖက် ရှိ ရေပက်မဏ္ဍပ်တွင် ၄င်းတို့ရပ်ထားသော ကားအနောက်ဘက် အဖြူရောင်ကားပေါ်မှ လူငယ်တစ်ဦးက ၎င်းတို့က်ို ဆဲဆိုရာမှ ပြဿနာ ဖြစ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ၄င်းတို့ကားပေါ် ပါလာသည့် ကျော်ထက်ဟန်(ခ)ကျော်ကြီး(ခ) ကိုကြီး ဆိုသူက လမ်းဘေးရှိ ကျောက်ခဲတုံးဖြင့်ပစ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အခင်းဖြစ်ပွားရာ၌ ပါဝင်ခဲ့သူ အသက် ၁၉ နှစ်အရွယ် အောင်မျိုးမင်းဆိုသူကို ထပ်မံဖမ်း ဆီးရမိထားပြီး အမှုတွဲတွင်ပါဝင်သည့် ထွက်ပြေးလွတ်မြောက်နေသူများကို ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်း ရှာဖွေနေကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုသို့ အခင်းဖြစ်ပွားရာတွင် ပါဝင်ခဲ့သည့် ဂျစ်ကားပိုင်ရှင်ဖြစ်သူ ဇော်မင်းထွန်း(ခ)ဆံရှည်(ခ)တုတ်ကြီး ဆိုသူ အပါအဝင် ရ ဦးကို အောင်မြေသာစံမြို့မရဲစခန်းတွင် (ပ)၁၈၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၅/၂၉၄/ ၅၀၆ အရ အမှုဖွင့်ပြီး ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။