သောက်နေတဲ့ ရေသန့်ဘူးတွေက လုံးဝအန္တရာယ်ကင်းရဲ့လား

သောက်နေတဲ့ ရေသန့်ဘူးတွေက လုံးဝအန္တရာယ်ကင်းရဲ့လား

ကျွန်တော်တို့ရဲ့နေ့စဉ်လိုအပ်ချက်အတွက် ရေသောက်ပေးဖို့လိုပါတယ်။ ဒီသောက်သုံးရေအတွက် တချို့က ရေပိုက်ခေါင်းက လာတာကို ပြန်ကျိုသောက်ပါတယ်။ တချို့ကတော့ တစ်နိုင် ရေသန့်စက်တပ်ပြီး သောက်ကြပါတယ်။ တချို့ကတော့ သန့်ရှင်းပြီး အန္တရာယ်ကင်းတာလိုချင်တဲ့အတွက် ရေသန့်ဗူးကို ၀ယ်သောက်ကြပါတယ်။ ကျွန်တော်တို့ သောက်နေတဲ့ ရေသန့်ဘူးတွေက လုံးဝအန္တရာယ်ကင်းရဲ့လား။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာကို ၂၀၁၇ ဒီဇင်ဘာလအထိ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ထောက်ခံချက် ရထားတဲ့ ရေသန့်လုပ်ငန်းပေါင်း ၂၃၅ ခုရှိပါတယ်။ အကြမ်းအားဖြင့် တစ်မြို့နယ်ကို ရေသန့်လုပ်ငန်း ၅ ခုလောက်ရှိနေတဲ့သဘောဖြစ်ပါတယ်။

ရေသန့်စျေးကွက်မှာလည်း ရေသန့်ဘူး အကြည်နဲ့ အဖြူဆိုပြီး နှစ်မျိုးရှိနေပါတယ်။ ဘူး အဖြူတွေက ဘူးအကြည်တွေထက် စျေးနည်းပါတယ်။

ပုဇွန်တောင်မြို့နယ်က ရေသန့်ဖြန့်ဖြုးရောင်းချတဲ့ လုပ်ငန်းတစ်ခုကတော့ ရေသန့်ဗူးအကြည်တစ်ဗူးကို ၅၀၀နဲ့ လှည်းတန်းက တင်သွင်းပြီး ရ၀၀ နဲ့ ပြန်ရောင်းနေတယ်လို့ ပြောပါတယ်။

"စျေးကတော့ကွာမှာပေါ့ကွာသူဟာနဲ့သူ ။ ဒါပေမယ့်ရောင်းရင်တော့ အစ်ကိုတို့စျေးနဲ့လိုက်ပြီးတော့ရောင်းတာပဲ အစ်ကိုတို့စက်ရုံကယူတဲ့စျေး ၅၀၀ ရှိတယ်၊ ဘူးအဖြူကစျေးနည်းတယ် ။ သူက စျေးသိပ်မရှိဘူး၊ ဘယ်လိုကြောင့်လဲဆိုတော့ ရေကွာမှာပေါ့ ငါ့ညီရယ် သူ့ဟာနဲ့သူ ရေအမျိုးအစားကွာမှာပေါ့" လို့ ရေသန့်ဖြန့်ဖြူးနေသူ ကိုမိုးကျော်က သူ့အမြင်ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ Container လို့ခေါ်တဲ့ ဗူးသွင်းသောက်ရေသန့်တွေရဲ့ ဘူးခွံကိုတားမြစ်ချက်မရှိပေမယ့် နိုင်ငံတချို့မှာတော့ Polyethylene လို့ခေါ်တဲ့ (ဘူးအနောက်၊ ဘူးအဖြူ)တွေကို ခွင့်မပြုတော့တာရှိပါတယ်။ အဲဒီအစား Polyethylene terephthalate-PET လို့ခေါ်တဲ့ (ဘူးအကြည်)တွေကိုသာ သုံးခွင့်ပြုကြတော့တာ ဖြစ်ပါတယ်။ ဆိုလိုတာက ဘူးအနောက် ဘူးအဖြူတွေထက် ထွင်းဖောက်မြင်ရတဲ့ ဘူးအကြည်က ပိုအန္တရာယ် ကင်းတယ်လို့ဆိုလိုတာလည်း ဖြစ်ပါတယ်။

ရေသန့်စက်ရုံတွေက ထုတ်တဲ့ရေသန့်တွေကကောင်းပေမယ့် လမ်းမှာသယ်တဲ့အခါ နေရောင်နဲ့တိုက်ရိုက် ထိတွေ့သယ်နေရတယ်လို့ ရေအရင်းမြစ်စီမံခန့်ခွဲမှုနဲ့ သန့်ရှင်းတဲ့သောက်သုံးရေအကြောင်း စကားဝိုင်းတစ်ခုမှာ Myanmar Green Network က ဒေါ်ဒေဝီသန့်စင်က ပြောခဲ့ဖူးပါတယ်။

"ရေဘူး မသန့်တာပါသလိုပဲ ။ High-density polyethylene (HDPE) ပလတ်စတစ်တွေက နေပူနဲ့ထိလို့ရှိရင် Chemical ဓာတုပြောင်းလဲမှုရှိတယ်၊ အဲဒီတော့ဆရာကဘာပြောလဲဆိုတော့ အဲဒါလည်းသိလာရော အတိအကျအထက်ကိုတင်ရအောင် ဒီလိုမျိုးဖြစ်ပါတယ် ။ ဒီဘူး တွေကနေပြီးတော့ စားသုံးတာကိုခွင့်ပြုတဲ့ ပလတ်စတစ်မျိုးနဲ့ပြောင်းထုတ်ဖို့ပေါ့ ။ အကြည်ပေါ့ အိုအေစစ်တို့ဘာတို့ထုတ်ခဲ့တာမျိုး၊ အဲဒီလိုမျိုး အကြည်ကို ထုတ်ဖို့ကို Research (သုတေသန)လုပ်တဲ့အခါမှာ ဒီဗူးတွေကိုသယ်ရင် နေပူထဲမှာ အမိုးမရှိဘူးလေ။ တွေ့ဖူးကြမှာပါ ။ အခုဆိုလှည်းတွေနဲ့ပို့ကြတယ်၊ အဲဒီတော့ ဝေးတဲ့လူကတော့ ရောဂါရတာပေါ့ ။ စက်ရုံနဲ့ နီးတဲ့သူကတော့ခဏလေးရောက်သွားတော့ နေအပူရှိန်မခံရဘူး" လို့ Myanmar Green Network မှ ဒေါ်ဒေဝီသန့်စင်က ပြောပါတယ်။

ရန်ကုန်မြို့အနှံ့မှာ နေပူထဲတွန်းနေတဲ့ ရေသန့်လှည်းတွေ၊ ကားတွေက ရှိနေဆဲပါ။ ပုဇွန်တောင်မြို့နယ်က ကုန်စုံဆိုင် ရောင်းချနေသူတစ်ဦးကတော့ FDAထောက်ခံချက်ပါတဲ့ လမ်းထဲကရေသန့်ဘူးကို သောက်သလို ဆိုင်အတွက်လည်း FDAထောက်ခံချက်ပါတာကိုပဲ ရောင်းတဲ့အတွက် စိတ်ချနေတယ်လို့ဆိုပါတယ်။

"ရေသန့်နဲ့ပတ်သတ်ပြီးတော့ စိတ်ချရပါတယ။ အကုန်လုံးကပါကင်ပိတ်တွေပဲ လာတာပဲလေ။ သူတို့ ကိုယ်တိုင်ကိုကလည်း အကုန်လုံးက စည်းစနစ်ကျပြီးလုပ်ထားတဲ့ဟာတွေဖြစ်တဲ့အတွက် ရေသန့်ဘူးတွေနဲ့ ပတ်သတ်ရင်တော့ အကုန်လုံးက စိတ်ချရပါတယ် ။ ထောက်ခံစာတွေနဲ့တပ်ပြီးရောင်းတာလေ။  FDA လုပ်ထားပြီးသားဟာတွေဖြစ်တဲ့အတွက် အကုန်လုံးက စိတ်ချရတယ်။ ၀ယ်သူကလည်း ပါကင်ပိတ်တွေ ဖြစ်တဲ့အတွက် စိတ်ချရလို့ သောက်သုံးကြတာပါ" ပုဇွန်တောင်မြို့နယ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်မှ ပိုင်ရှင် ဒေါ်ဝင်းမြင့်ဌေးက ပြောပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ရေသန့်ကိုလွယ်လွယ်ထုတ်ရောင်းတာ၊ ထောက်ခံချက်မပါတာ၊ အန္တရာယ်ရှိပိုးတွေနဲ့ သတ္တုဓာတ်တွေပါနေလို့ ရေသန့်လုပ်ငန်းရခုကို တရားစွဲဆိုခဲ့တယ်လို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က အစားသောက်များတွင် ဓာတုဘေးအန္တရာယ် ကင်းရှင်းရေးအသိပညာပေးပွဲမှာ ပြောခဲ့ပါတယ်။

“ ဒီလိုရေသန့်လုပ်ငန်းတွေကို အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူနိုင်ပြီး ထောင်ဒဏ်အနည်းဆုံး တစ်နှစ် ကနေ သုံးနှစ်၊ ငွေဒဏ်အနည်းဆုံး တစ်သိန်းကနေ သုံးသိန်းထိ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါချပြီး အရေးယူလို့ရပါတယ်။ လုပ်ငန်းရှင်တွေအတွက် ဒီငွေပမာဏက မများပေမယ့် တရားစွဲခံရသည့် အတွက် နာမည်ထိခိုက်နိုင်မှာဖြစ်တယ်” လို့ ရန်ကုန် FDA ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဥမ္မာစိုးဝင်းက ဆိုပါတယ်။

အမျိုးသားအစားအသောက်ဥပဒေရဲ့ပြစ်ဒဏ်ကို ၂၀၁၃ခုနှစ်ကလည်း ပြောင်းလဲတိုးမြှင့်ခဲ့သလို အခုလည်း ထောင်ဒဏ် မပြောင်းလဲပေမယ့် ဒီငွေဒဏ်ပမာဏကို ထပ်တိုးဖို့ ပြင်ဆင်နေတယ်လို့ FDA ဘက်မှ သိရပါတယ်။

ဒါဆို ရေတွေကလည်းအသန့် ၊ဘူးအကြည်တွေ သုံးမယ်ဆိုရင်ရော တကယ်သန့်ပြီလို့ ပြောလို့ရနိုင်ပါပြီလား။

ပြီးခဲ့တဲ့ရက်ပိုင်းက ကမ္ဘာ့နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ အိန္ဒိယ တို့အပါအဝင် နိုင်ငံပေါင်း ၉နိုင်ငံက ရေသန့်တံဆိပ် ၁၁ခုကို စစ်ဆေးခဲ့ရာမှာလည်း ပလတ်စတစ်မှုန်တွေပါနေတယ်လို့ အမေရိကန်နိုင်ငံ State University ရဲ့လေ့လာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီနမူနာရေသန့်ဘူးတွေထဲမှာ တခြားပလတ်စတစ်ဘူး ထက် အန္တရာယ်ပိုကင်းတယ်ဆိုတဲ့ ဘူးအကြည်တွေမှာသုံးတဲ့ PETအမျိုးအစားပလတ်စတစ်ပါ ပါနေပါတယ်။

လက်ရှိမှာတော့ ဒီရေသန့်ကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ တစ်နိုင်ငံလုံးက ရေသန့်လုပ်ငန်း သိန်းဂဏန်းပမာဏ ကို FDA ၀န်ထမ်းနှစ်ထောင်ကျော်နဲ့ စောင့်ကြည့်နေဖို့ မဖြစ်နိုင်ဘူးလို့ FDA ညွှန်ကြားရေးမှူးချုပ်က မဇ္စျိမကို ပြောထားပါတယ်။ နောက်ပြီး ကောင်းမွန်တဲ့ထုတ်လုပ်မှု ထုတ်ပိုးမှု ဖြန့်ဖြူးမှုတွေရနိုင်ဖို့အတွက် လုပ်ငန်းရှင်တွေ ဘက်က တာဝန်ယူစိတ်ရှိရမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly