သင်္ကြန်ကာလအတွင်း မြိတ်ကျွန်းစုတွင် အပန်းဖြေ ခရီးသွားများ များပြား

သင်္ကြန်ကာလအတွင်း မြိတ်ကျွန်းစုတွင် အပန်းဖြေ ခရီးသွားများ များပြား

မဟာသင်္ကြန်ကာလအတွင်း မြိတ်ဒေသသို့ ရောက်ရှိလာသည့် ပြည်တွင်းခရီးသွားဧည့်သည်များ ၊ ကျွန်းအပန်းဖြေခရီးသွားသူတွေ များပြားနေကြောင်း ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီများထံမှ သိရ သည်။

 ၁၃၇၉ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ကာလတွင် မြိတ်-ကျွန်းစုရှိ ကျွန်းများသို့ အနယ်နယ်အရပ်ရပ် မှ သင်္ကြန်ချစ်သူပြည်သူများမှ  လေယာဉ် ၊ ကားကြီး ကားငယ်များဖြင့် မြိတ်မြို့သို့ လာရောက်ကြပြီး ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် ကျွန်းများသို့ သွားရောက်ကြရာ မြိတ်ဆိပ်ကမ်း၌ ဧပြီလ ၁၂ ရက်မှ ၁၅ ရက် နေ့အထိ မဟာသင်္ကြန် အကြတ်နေ့ နံနက်ပိုင်းက သွားလာသူတွေ များပြားနေသည်။

 မြိတ်ကျွန်းစုတွင် ကျွန်းအပန်းဖြေ ခရီးသွားရောက်နိုင်သည့်ကျွန်းများမှာ လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီး ရေတွင်းကျွန်း၊ ပါပန့်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥစောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဓိကျွန်း၊ သဲနက်တန်း (နှစ်ဖက်လှ)ကျွန်း  စသောကျွန်းများရှိရာ သင်္ကြန်ကာလတွင်  ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန် အဖြစ် လေးကျွန်း နှင့် ပါပန့်ကျွန်းခရီးစဉ်ကို ပိုမို သွားရောက်ခဲ့ကြကြောင်း သိရသည်။

 သင်္ကြန်ကာလ ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် လာရောက်အပန်းဖြေခဲ့ကြသည့် အနယ်နယ် အရပ်ရပ်မှ ခရီးသွားများသည် သင်္ကြန်အကြိုနေ့တွင် (၆၀၀)ဦးကျော်၊ သင်္ကြန်အကျနေ့တွင်(၈၀၀) ဦးကျော်နှင့် ယနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင်လည်း (၈၀၀)ဦးကျော် သွားရောက်အပန်းဖြေ နွဲပျော်ခဲ့ကြကြောင်း BLISSFUL MYANMAR ခရီးသွားလုပ်ငန်းမှ ဒေါက်တာ သိန်းရွှေမြင့် ထံမှ သိရသည်။ 

မြိတ်-ကျွန်းစုရှိ ကျွန်းများ သည် ဒေသခံများ၊ ခရီးသွားပြည်သူများ အပန်းဖြေ အနားယူနိုင်သည့် သဘာဝအလှ တရားများဖြင့် သာယာလှပ သော ကျွန်းများဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly