ပြည်ပခရီးသွားများအတွက် ဆင်ထိန်းသိမ်းရေးစခန်းဝင်ကြေးလျှော့ချပေးရန် လုပ်ငန်းရှင်များ လိုလားနေ

ပြည်ပခရီးသွားများအတွက် ဆင်ထိန်းသိမ်းရေးစခန်းဝင်ကြေးလျှော့ချပေးရန် လုပ်ငန်းရှင်များ လိုလားနေ

သဘာဝအခြေခံခရီးသွားလုပ်ငန်းဖြစ်သော ဆင်ထိန်းသိမ်းရေးစခန်းလုပ်ငန်းများတွင် ပြည်ပခရီးသွားများ များပြားလာရန်အတွက် ၀င်ကြေးလျှော့ချပေးရန် လုပ်ငန်းရှင်များက လိုလားလျှက်ရှိသည်။

ဆင်စခန်းများ၏ ၀င်ကြေးအနေဖြင့် ပြည်တွင်းခရီးသွားများကို ၁၀၀၀ ကျပ် ကောက်ခံနေပြီး ပြည်ပခရီးသွားများ ကို ၁၀၀၀၀ မှ ၂၀၀၀၀ ကျပ် အထိကောက်ခံရန် သတ်မှတ်ထားသည်။

လုပ်ငန်းရှင်များက ပြည်ပခရီးသွားတစ်ဦးလျှင် ၅ ဒေါ်မှ ၁၀ ဒေါ်လာအတွင်းသာ ကောက်ခံရန် ရည်မှန်းထားပြီး လက်ရှိတွင် ပျမ်းမျှ ဒေါ်လာ ၂၀ ခန့်ဝန်းကျင် ကျသင့်နေသည်။

“ နိုင်ငံခြားတစ်ဦးကို ၀င်ကြေးအနေနဲ့ ၅ ဒေါ်လာကောက်ပေး၊ ဆင်ပါစီးမယ်ဆိုရင် ၁၀ ဒေါ်လာကောက်၊ လာလည်ရင် ၅ ဒေါ်လာဆိုရင် သိပ်မမှုတော့ဘူး။ ဒေါ်လာ ၂၀ လောက်ကတော့ နည်းနည်းလေး များနေတယ်” ဟု ဦးမင်းသိန်း(မန်းနေဂျင်းဒါရိုက်တာ၊Thound Island Travel & Tours Co.,Ltd) ဟု ဆိုသည်။

ဆင်စခန်းများမှာ ၁၉၉၃ ခုနှစ်မှ စတင်ဖွင့်လှစ်ထားသည့် သာယာဝတီရှိ မြိုင်ဟေဝန်စခန်းအပါအဝင် ၂၀၁၈ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နောက်ဆုံးဖွင့်လှစ်ခဲ့သော မန္တလေးတိုင်းဒေသကြီးရှိ ၀ါးနက်ဆင်စခန်းများလည်း ပါ၀င်နေကာ ဆင်ထိန်းသိမ်းရေးစခန်း ၁၈ ခုတွင် မြန်မာ့သစ်လုပ်ငန်းဌာနမှ ဆင်ကောင်ရေ ၂၀၅ ကောင် ရှိသည်။

“ ၀င်ကြေးများရင် ဧည့်သည်က နည်းနည်းတွန့်တာပေါ့။ ဧည့်သည်က တစ်ယောက်ကို ပုဂံဇုံဝင်ကြေး ၂ သောင်းခွဲပေးရတယ်။ Elephant Camp ကို ဆက်သွားရင် ၀င်ကြေးက ၂ သောင်း ၊ ဒါဆို အရမ်းများသွားပြီ” ဟု ဒေါ်ကေသွယ်စိုး(မန်နေဂျင်းဒါရိုက်တာ၊Amazing Time Travels & Tours Co.,Ltd) က ပြောသည်။

ပုဂံ-ညောင်ဦးဒေသတွင် ဆင်အခြေပြု ခရီးသွားလုပ်ငန်းအတွက် မတ်လ ၂၈ ရက်တွင် ပလင်းကမ်းသာယာ ဆင်စခန်းကို ညောင်ဦးမြို့မှ ၅ မိုင်အကွာ  ညောင်ဦး-မြင်းခြံ ကားလမ်းမဘေး ဧရာဝတီမြစ်ကမ်းအနီးတွင် ဖွင့်လှစ်ထားသည်။

အဆိုပါ  သဘာဝအခြေခံခရီးသွားလုပ်ငန်းတွင် ခရီးသွားများအနေဖြင့် ဆင်များကို နို့တိုက်ခြင်း၊ ရေအတူ ချိုးခြင်း၊ ဆင်စီးခြင်း စသည့်တို့ကိုဆင်ထိန်းသိမ်းရေး စခန်းတစ်ခုချင်းစီတွင်  သတ်မှတ်ထားသည့်အတိုင်း ပါ၀င် ဆောင်ရွက်နိုင်သည်ဟု သိရသည်။ 

လက်ရှိတွင် ဆင်တစ်ကောင်လျှင် ဆေးဝါးနှင့်အသုံးအဆောင် အတွက် ပစ္စည်းကုန်ကျစရိတ်မှာ နှစ်စဉ် ရ၄၇၃၅.၆၃ ကျပ် ရှိနေသည်။

ဆင်များကို မြန်မာ့သစ်လုပ်ငန်းတွင် သစ်ဆွဲခြင်း၊ သစ်အောင်းခြင်း၊ ရေလိုက်ခြင်းတို့အတွက် အသုံးပြုနေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သစ်ထုတ်ရေးကို နိုင်ငံတော်၏လိုအပ်ချက်အရ ရပ်နားခဲ့ရသည်။ ၄င်းနောက် ၂၀၁၆ ခုနှစ်တွင် ဌာနပိုင်ဆင် (၃၀၇၈) ကောင်ကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန် ဆွေးနွေးခဲ့ကြကာ ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly