ခရီးသွားဝင်ရောက်မှုများနေခြင်းကြောင့် အရှေ့တောင်အာရှ ကမ်းခြေတွေမှာ ထိခိုက်မှုတွေဖြစ်ပေါ်လာနေ

ခရီးသွားဝင်ရောက်မှုများနေခြင်းကြောင့် အရှေ့တောင်အာရှ ကမ်းခြေတွေမှာ ထိခိုက်မှုတွေဖြစ်ပေါ်လာနေ

အရှေ့တောင်အာရှဒေသတွင်းက နာမည်ကျော် လှပတဲ့ ပင်လယ်ကမ်းခြေတွေမှာတော့ ယခုနောက်ပိုင်းကာလတွေမှာ ခရီးသွားဧည့်သည်တွေ အလုံးအရင်းနဲ့ ၀င်ရောက်မှု များပြားလာနေခြင်းနဲ့အတူ ယင်းကမ်းခြေတွေမှာ ပျက်စီးယိုယွင်းမယ့် ဆိုးကျိုးတွေဖြစ်ပေါ်လာနေတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်နေပြီဖြစ်ပါတယ်။

ဒေသတစ်ခွင်မှာရှိတဲ့ တစ်ချိန်တုန်းက ပကတိအတိုင်း အလှပဆုံး ဖြစ်ခဲ့တဲ့ ကမ်းခြေတွေမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာကြာ ခရီးသွားလုပ်ငန်းတွင်း ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့မှုကြောင့် ထိခိုက်ပျက်ပြားမှုတွေ နဲ့ ကြံုတွေ့လာနေရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သက်ဆိုင်ရာနိုင်ငံတွေက အစိုးရတွေအနေနဲ့လည်း အမှိုက်သရိုက်တွေနဲ့ ညစ်ညမ်းမျောပါနေ တဲ့ ပင်လယ်ရေတွေကို သန့်ရှင်းဖို့နဲ့ သဘာဝပတ်ဝန်းကျင် အရည်အသွေး ဆုတ်ယုတ်လာနေမှု ပြဿနာတွေ ဖြေရှင်းဖို့အတွက် လုံးပမ်းလုပ်ဆောင်နေရလျက်ရှိပါတယ်။

ထင်ရှားတဲ့ သာဓကတစ်ခုအနေနဲ့ ထိုင်းရဲ့ Maya Bay ကမ်းခြေကို ဇွန်လကနေ စက်တင်ဘာလအထိ လေးလတာ တားမြစ်ပိတ်ပင်ထားမယ်ဆိုပြီး တာဝန်ရှိသူတွေက ပြီးခဲ့တဲ့လက ကြေညာခဲ့ရပါတယ်။ ဒါဟာ ပျက်စီးယိုယွင်းနေတဲ့ သန္တာကျောက်တန်းတွေကို ပြန်လည်ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ဖိလစ်ပိုင်မှာဆိုရင်လည်း အကျော်ကြားဆုံးသော Boracay ကမ်းခြေကို လာမယ့် ဧပြီ ၂၆ ရက် ကနေစပြီး ခြောက်လ ပိတ်ထားမယ်ဆိုပြီး ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ညွန်ကြားအမိန့်ထုတ်ခဲ့ပါ တယ်။

တစ်ချိန်တည်းမှာလည်းပဲ အင်ဒိုနီးရှားအာဏာပိုင်တွေအနေနဲ့ကလည်း နာမည်ကျော် ဘာလီကျွန်းတစ်လျှောက် ခြောက်ကီလိုမီတာကို အမှိုက်ပုံ အရေးပေါ်အခြေအနေအဖြစ် ယမန်နှစ်တုန်းက ကြေညာခဲ့ရပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ လက်ရှိအချိန်မှာတော့ တရုတ်လိုမျိုး နိုင်ငံက ခရီးသွားတွေအလုံးအရင်းနဲ့ ၀င်ရောက်နေမှုတွေကနေ ၀င်ငွေတွေ တိုးပွားရရှိနေတယ်ဆိုပေသော်ငြားလည်း ယခုလို ကမ်းခြေတွေမှာ ကြံုတွေ့နေရတဲ့ ထိခိုက်မှုဆိုးကျိုးတွေကနေ တားဆီးနိုင်ဖို့ ကြိုးပမ်းနေရလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly