ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ ဧပြီလ ၁၄ ရက်၊ သင်္ကြန်အကျနေ့တွင် ခါးပိုက်နှိုက် ၅ ဦးဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုန်ပြန်သည်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များတွင် ရေကစားနေသူများထံမှ ခါးပိုက်နှိုက်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့ ရေကစားမဏ္ဍပ် တွင် ရေကစားနေသူထံမှ ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၅၁ နှစ်အရွယ် ထွန်းနိုင်(ခ)ဘီးကျဲကြီးဆိုသူက ငွေ(၂၁၉၀၀)ကျပ်အား နှိုက်ယူနေသည်ကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်းသိရသည်။
ထို့ပြင် လသာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ MY TEL ရေကစားမဏ္ဍပ်တွင် ဒလမြို့နယ်နေ အသက် ၂၉နှစ်အရွယ် သက်ဖြိုးဦးနှင့် အသက် ၃၂ နှစ်အရွယ် သားထွေး(ခ) သက်ထွေးဆိုသူတို့ ၂ ဦးကိုလည်း Honor အမျိုးအစား အနက်ရောင်ဖုန်း ၁ လုံးနှင့် ငွေ(၁၅၀၀၀)ကျပ်အား နှိုက်ယူနေစဉ်တွေ့ရှိဖမ်းဆီးခဲ့သည်။
ယင်းမဏ္ဍပ်တွင်ပင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် ခင်မောင်အေး(ခ)ဟာဆန်းနှင့် အသက် ၁၇ နှစ်အရွယ်မင်းမင်း(ခ)မွတ်နားဆိုသူတို့ ၂ ဦးကို ငွေ(၁၅၅၀၀)ကျပ် နှင့်အတူ နှိုက်ယူနေစဉ်တွေ့ရှိဖမ်းဆီးခဲ့ကြောင်းသိရသည်။
ထိုသို့ ရေကစားသူများထံမှ ခါးပိုက်နှိုက်နေစဉ် တွေ့ရှိသဖြင့် ဖမ်းဆီးရမိခဲ့သော အဆိုပါ ၅ ဦးကို လက်ရှိတွင်သက်ဆိုင်ရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။