မြို၊ ခမီ၊ သက် လူနည်းစုတိုင်းရင်းသားမဏ္ဍပ် ပထမဆုံးပါ၀င်တဲ့ ရန်ကုန်မြို့ ရခိုင်သင်္ကြန်

မြို၊ ခမီ၊ သက် လူနည်းစုတိုင်းရင်းသားမဏ္ဍပ် ပထမဆုံးပါ၀င်တဲ့ ရန်ကုန်မြို့ ရခိုင်သင်္ကြန်
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်မြို့မှာရှိတဲ့ သုဝဏ္ဏကွင်းမှာကျင်းပနေတဲ့ ရခိုင်ရိုးရာသင်္ကြန်မှာ ရခိုင်မျိုးနွယ်စုထဲက တိုင်းရင်းသား တွေဖြစ်တဲ့ မြို၊ ခမီ၊ သက် အစရှိတဲ့ တိုင်းရင်းသားမဏ္ဍပ်ကို ၁၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းထားတယ်လို့သိရပါတယ်။

ရန်ကုန်သင်္ကြန်ကို ကျင်းပလာတဲ့ ၁၅ နှစ်အတွင်းမှာ လူနည်စုတိုင်းရင်းသားတွေရဲ့မဏ္ဍပ်ဟာ ပထမဆုံးအကြိမ် ပါ၀င်လာတာဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုစည်လာတယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။

" ဒီနှစ်ကတော့ ထူးထူးခြားခြားပေါ့ ရခိုင်မျိုးနွယ်စု မြို၊ ခမီ၊ သက် အဲ့ဒီမဏ္ဍပ်တွေပါလာပါတယ်။ တစ်ခါမှ ကျွန်တော်တို့ ရန်ကုန်မှာ ကျင်းပတာ ၁၅ ကြိမ်ရှိပြီ မပါဖူးပါဘူး။ ဒီနှစ်ပါလာတယ်။ ရခိုင်မျိုးနွယ်မဏ္ဍပ်တစ်ခု အဲ့တာဒီနှစ်သင်္ကြန်ရဲ့ထူးခြားတဲ့အချက်ပါ " လို့ ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးမောင် ကပြောပါတယ်။

မြို၊ ခမီ၊ သက် အစရှိတဲ့ လူနည်းစုတိုင်းရင်းသားတွေအတွက် ၂၀၁၈ ရခိုင်သင်္ကြန်မှာ မဏ္ဍပ်တစ်ခု ပါ၀င်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်မှာအလုပ်လာလုပ်တဲ့ တိုင်းရင်းသားတွေက ရန်ကုန်တိုင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နဲ့ ချိတ်ဆက်မိတာကနေ ဒီနှစ် သင်္ကြန်မှာ ပါ၀င်ခွင့်ရခဲ့တာလို့လည်း မြို၊ ခမီ၊ သက် တိုင်းရင်းသား မဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီဝင် ဦးလှလှထွန်းကပြောပါတယ်။

" တိုင်းရင်းသားရိုးရာမဏ္ဍပ်ကဒီနှစ်မှ စလုပ်ဖြစ်တာပါ။ ပထမအကြိမ်ပဲရှိပါသေးတယ်။ ဒီသင်္ကြန်မဏ္ဍပ်မှာ ပါ၀င်ဖြစ်တာကလည်း ကျွန်တော်တို့လည်း မြန်မာနိုင်ငံသင်္ကြင်္န်ကိုပေါ့နော်။ အမြဲတမ်း ဒီလိုလုပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူနည်းစုဖြစ်တဲ့ အတွက်ကြောင့်နဲ့ ကျွန်တော်တို့က မပေါ်နိုင်ဘူး ဖြစ်နေတယ်။ အဲ့တာကအကြောင်းအရာတွေပဲ " လို့ သက်လူမျိုးဖြစ်တဲ့ ဦးလှလှထွန်းကပြောပါတယ်။

ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရိုးရာ ရေလောင်းမဏ္ဍပ် ၂၁ ခုပါ၀င်တယ်လို့ သူက ဆက်ပြောပါတယ်။

လုံခြံုရေးအနေနဲ့ CCTV ကင်မရာ ၄၈ လုံးတပ်ဆင်ထားပြီး ရဲအင်အားလည်းအပြည့်ချထားတယ်လို့ ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအေးမောင် ကပြောပါတယ်။

ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလိုတာကြောင့် ရန်ကုန်မြို့မှာ ၁၅ ကြိမ်ထိရောက်အောင် ကျင်းပကြတာလို့လည်းသိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly