ရခိုင်သင်္ကြန် ဘုရားရေသပ္ပါယ်ပွဲ ကျင်းပ၊ ရခိုင်ရေလောင်းသင်္ကြန် သုဝဏ္ဏအားကစားကွင်းတွင် ပြုလုပ်မည်

ရခိုင်သင်္ကြန် ဘုရားရေသပ္ပါယ်ပွဲ ကျင်းပ၊ ရခိုင်ရေလောင်းသင်္ကြန် သုဝဏ္ဏအားကစားကွင်းတွင် ပြုလုပ်မည်
(ဓာတ်ပုံ - စိုးသူအောင်/မဇ္ဈိမ)

ရခိုင်သင်္ကြန်တွင် ဘုရား ရေသပ္ပါယ်ပြီးမှ လူအများက ရေပက်ရသောဓလေ့ရှိကြောင်း ရခိုင်သင်္ကြန် ဖြစ်မြောက်ရေး ကော်မတီ ဦးဆောင်နာယက ဒေါက်တာစံလှကျော်က ပြောသည်။

ရခိုင်သင်္ကြန်တွင် ပထမဆုံးအနေဖြင့် နံ့သာသွေးပြိုင်ပွဲပြုလုပ်ရပြီး ရလာသောနံ့သာများဖြင့် ဘုရားဆင်းတုတော်များအား ရေသပ္ပါယ်ကြသော ဓလေ့ ဖြစ်သည်။

"နံ့သာသွေးပွဲလုပ်တာက ဘုရားရေသပ္ပာယ်ဖို့ အမွေးနံ့သာရေတွေရရှိအောင်လို့ ပထမဆုံးနံ့သာသွေးတာဖြစ်တာ ပါတယ်။ အဲဒါကရတဲ့ အမွေးနံ့သာနဲ့မှ ဘုရားရေသပ္ပါယ်တာ ဖြစ်ပါတယ်။ ရခိုင်သင်္ကြန်မှာ ဘုရား ဆင်းတုတော်တွေကို ပထမဆုံးရေသပ္ပါယ်ပြီးမှ  လူအချင်းချင်း ရေပက်ကြတယ်ဆိုတဲ့ ဓလေ့စွဲစွဲမြဲမြဲစွဲကိုင်ပြီး အခုထိ အစဉ်အလာအဖြစ်ထိန်းသိမ်းနေကြတာဖြစ်ပါတယ်။"ဟု ဒေါက်တာစံလှကျော်က ပြောသည်။

ဧပြီလ ၁၃ ရက်သင်္ကြန်အကြိုနေ့အဖြစ် ဗဟန်းမြို့နယ်၊ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သော ဘုရား ရေသပ္ပါယ်ပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘုရားရေသပ္ပါယ်ပွဲသို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပြီး ဘုရားရေသပ္ပါယ်ခဲ့သည်ကို တွေ့ရသည်။

၁၅ ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်ကို ဧပြီလ ၁၂ ရက်က နံ့သာသွေးပွဲဖြင့် ဖွင့်လှစ်ခဲ့ပြီး ဧပြီလ ၁၃ ရက်တွင် ဘုရားရေသပ္ပါယ်ပွဲ၊ ဧပြီလ ၁၄ ရက်မှစတင်ပြီး သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်းတွင်  သင်္ကြန်ရီလောင်းမဏ္ဍပ်ဖွင့်ပွဲနှင့် သင်္ကြန်ရီလောင်းပွဲအား ရေလောင်းမဏ္ဍပ် ပေါင်း ၂၁ ခုဖြင့် ကျင်းပမည် ဖြစ်သည်။

ယခုနှစ် ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ၀န်ကြီး ဦးဇော်အေးမောင် ကိုယ်တိုင် ဦးစီးပြီး ရခိုင်လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်၌ ရခိုင်ရိုးရာစားသောက်ဆိုင်များ၊ ရိုးရာ အမှတ်တရ ပစ္စည်း ဆိုင်များ ဆိုင်ခန်း ပေါင်း ၈ဝ ကျော်အပါအဝင် ပွဲတော်ရက်များအတွင်း ရခိုင်စတိတ်ရှိုး၊ စတင်တေးဂီတဖျော်ဖြေမှုအစီအစဉ်များ ပါ၀င်သည်။

ယခုနှစ် ထူးခြားမှု အနေဖြင့် ရခိုင်မြို့နယ်အသင်းတွေကိုယ်စားပြုတဲ့ မဏ္ဍပ်များအပြင် ရခိုင်မျိုး နွယ်စုများ ဖြစ် သော မျို၊ ခမီ၊ သက် လူမျိုးစုမဏ္ဍပ်တစ်ခု ပါ၀င်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly