မောင်တောမြို့နယ် ငါးခူရ ဟိန္ဒူကျေးရွာမီးလောင်မှုတွင် အိမ်ခြေ (၆၅)လုံး မီးလောင်

မောင်တောမြို့နယ် ငါးခူရ ဟိန္ဒူကျေးရွာမီးလောင်မှုတွင် အိမ်ခြေ (၆၅)လုံး မီးလောင်
ဓာတ်ပုံ - MOI

မောင်တောခရိုင် မောင်တောမြို့နယ် ငါးခူရကျေးရွာအုပ်စု ဟိန္ဒူကျေးရွာတွင် ဧပြီလ ၁၂ ရက်၊ မွန်းလွဲ ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၆၅ အိမ် မီးလောင်သွားကြောင်း သိရသည်။

“ အိမ်ခြေ ၆၀ ကျော်၊ ရ၀ ကျော်လောက် ပါသွားပါတယ်။ ရှို့မီးပေါ့ဆမီးလားဆိုတာတော့ မသိသေးပါဘူး။ မောင်တောမြို့နယ်အပိုင် ကျေးရွာပါ” ဟု ဟိန္ဒူခေါင်းဆောင် ဦနီမောရ်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

ဖြစ်စဉ်မှာဧပြီလ ၁၂ ရက်၊  မွန်းလွဲ ၁ နာရီတွင် အဆိုပါကျေးရွာနေ ဇူမွန်ဒူ(အဘ) အီရှီနာ နေအိမ်တွင် ထမင်းချက်ရာမှ နေအိမ် ထရံကို စတင် မီးလောင် ကျွမ်းခဲ့ပြီး အနီးနားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းရာ အိမ်ခြေ ၆၅ အိမ် မီးလောင်ခဲ့ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ဧပြီလ ၁၃ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၈ဝ ရှိပြီး အိမ်ထောင်စု ၅၄ စု၊ လူဦးရေ ၆၅၉ ဦး နေထိုင်လျက်ရှိပြီး အိမ်ခြေ ၆၅ လုံး လောင်ကျွမ်းသဖြင့် ရွာအိမ်ခြေ သုံးပုံ ၂ ပုံခန့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် အိမ်ထောင်စု ၄၃ စု၊ လူဦးရေ ၄၁၉ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး လက်ရှိတွင် မီးဘေးသင့် အိမ်ထောင်စုများအား ငါးခူရ အခြေခံပညာ အထက်တန်း ကျောင်းတွင် ယာယီနေရာချထားပေးထားသည်ဟု ပြန်ကြားရေးမှ ထုတ်ပြန်သည်။

အဆိုပါ မီးလောင်မှုအား ငါးခူရမီးသတ်စခန်းမှ မီးသတ် ယာဉ်တစ်စီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ မီးသတ်ယာဉ် နှစ်စီး၊ မောင်တောမြို့နယ် မီးသတ် ဦးစီးဌာနမှ မီးသတ်ယာဉ်တစ်စီး တို့ဖြင့် မီးငြိှမ်းသတ်ခဲ့ရာ ညနေ ၃နာရီခွဲ တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်က ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ရွာသစ်ကေကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် မော်တော်ယာဉ်မီးလောင်မှုဖြစ်ခဲ့ပြီး Probox (အဖြူရောင်)ယာဉ် ၁ စီး မီးလောင် ဆုံးရှုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly