သထုံဒူးရင်းသီး အထွက်လျော့၍ ဈေးတက်သော်လည်း နေပြင်းသောကြောင့် ရောင်းအားကျ

.

သထုံ၊ ဧပြီ၊ ၁၂ ။              ။ မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်သစ်သီးတန်းတွင် ရောင်းချနေသော ဒူးရင်းသီးများသည် ဈေးနှုန်းများခြင်းနှင့် နေပူရှိန် ပြင်းခြင်းတို့ကြောင့် ယမန်နှစ်များလောက် ရောင်းအား မကောင်းဟု အဆိုပါ သစ်သီးတန်းမှ သိရသည်။

ဒေသတွင်း ဒူးရင်းသီးများသည် ယမန်နှစ်များထက် အထွက်လည်း နောက်ကျပြီး ယခုနှစ်မှာ အသီးလည်း ရှားသည် ဟု ဆိုကြသည်။

"ခါတိုင်းနှစ်တွေမှာ မတ်လဆို ဒူးရင်းသီးက ပေါ်ပြီ။ ဒီနှစ်ကျတော့ မတ်လကုန်ခါနီးမှ စပေါ်တာ။ နောက်ကျ တယ်။ အသီးလည်း ဒီနှစ် ပိုရှားတယ်။ ရှားတော့ မနှစ်ကထက်ကို ၃၀၀၀၊ ၄၀၀၀လောက်ကို ဈေးက ပိုသွား တယ်။ အဲဒီလို ဈေးက ပိုလာသလို နေပူရှိန်ကပါပြင်းနေတော့ စားမယ့်သူလည်း နည်းသွားတယ်"ဟု သိမ်သိပ် သစ်သီးတန်းမှ မငြိမ်းငြိမ်းနုဝင်းက ပြောသည်။

ဒူးရင်းသီးသည် အပူဓာတ်များသော အသီးဖြစ်ကာ ရာသီဥတုပူပြင်းပါက ဒူးရင်းသီးစားသုံးမှု နည်းပါးကြသော ကြောင့် ဖြစ်သည်။

အဆိုပါ သိမ်ဆိပ်သစ်သီးတန်းမှ ဒူးရင်းသီးများသည် အများစုမှာ ဒေသဝန်းကျင် ကျေးရွာများ ဖြစ်သော ဝင်းပ၊  တောင်ကြား၊ ရွာကြားကျေးရွာများမှ ဒူရင်းသီးများဖြစ်ပြီး ပေါင်မြို့နယ်မှ ဒူးရင်းသီးများကိုလည်း မှာယူ ရောင်းချကြသည်ဟု သိရသည်။

ဒူးရင်းသီးတစ်လုံးလျှင် ကျပ် ၂၅၀၀၊ ၃၀၀၀မှ ၈၀၀၀ ၊ ၁၀၀၀၀၊ ၁၂၀၀၀ ကျပ်အထိ အစားအစားရှိကြောင်း သိရပြီး အထွက်နှုန်းလျော့ခြင်းကြောင့် ယခင်နှစ်များထက် ကျပ်  ၃၀၀၀၊ ၄၀၀၀ ခန့် ပိုများနေသည်ဟု သိရသည်။

ယခုနှစ်တွင် ရာသီဥတုကြောင့် ဒူးရင်းသီး အထွက်နှုန်းကျကြောင်း ဒူရင်းစိုက်သူများက ပြောကြသည်။

"လက်ဦးသီး(ပေါ်ဦးပေါ်ဖျားသီး)အတွက် ပွင့်နေကင်းနေတဲ့အချိန်မှာ မိုးက ရွာလိုက်တယ်လေ။ မိုးရွာတာ လောက်ဆို ပြဿနာ မဟုတ်သေးဘူး။ မိုးရွာပြီး နေပူရှိန်က ပိုပိုပြင်းလာတော့ အပွင့်တွေ အကင်းတွေက တော်တော် ကြွေကုန်တာ။ ဒါကြောင့် လက်ဦးသီးမှာ ဒူးရင်းတွေ အသီးနောက်ကျပြီး ရှားသွားတာ"ဟု သထုံမြို့နယ် မဝိုင်းစုရွာနေ ဒူးရင်းခြံရှင် ဒေါ်သီတာက ပြောသည်။

ရန်ကုန် မော်လမြိုင် အဝေးပြေးကားလမ်းမ နံဘေးရှိ သိမ်ဆိပ်သစ်သီးတန်းမှ ဒူးရင်းသီးများကို မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးနှင့် ခရီးသွားများက ဝယ်ယူကြသည်,ဟု ၎င်းသစ်သီးတန်းမှ သိရသည်။