အုတ်ဂူထဲမှ အော်ဟစ်ကုတ်ခြစ်သံ၊ အရှင်လတ်လတ် မြှပ်နှံခံခဲ့ရသလား

အုတ်ဂူထဲမှ အော်ဟစ်ကုတ်ခြစ်သံ၊ အရှင်လတ်လတ် မြှပ်နှံခံခဲ့ရသလား
မိသားစုဝင်များက ပီရက်ဇ်၏ အုတ်ဂူကို ထုခွဲဖွင့်လှစ်နေကြစဉ်။ ဓာတ်ပုံ - Primer Impacto

ဟွန်ဒူးရပ်၊ သြဂုတ် ၂၈ ။      ။ ဟွန်ဒူးရပ်နိုင်ငံမှ ကွယ်လွန်သူ ဆယ်ကျော်သက် မိန်းခလေးတစ်ဦး၏ မိသားစုဝင်များမှာ သူ၏ အခေါင်းကို အော်ဟစ်ကုတ်ခြစ်နေသံကို ကြားကြရသည်ဟုဆိုကာ မိန်းခလေး ၏ အုတ်ဂူကို အပြေး အလွှား ထုခွဲဖွင့်လှစ်ခဲ့ကြသည်ဟု ဆိုသည်။

နယူးယော့ခ်ဒေးလီး၏ သတင်းပို့ချက်အရ နေစီပီရက်ဇ် ၁၆ နှစ်မှာ ကိုယ်ဝန်နှင့် ပူပူနွေးနွေး လက်ထပ်ပြီးစတွင် သူ၏နေအိမ်၌ ရုတ်တရက် လဲကျ၍ ပါးစပ်မှ အမြှုပ်တစီစီ ထွက်လာခဲ့သည်ဟု ဆိုသည်။ မိခင်ဖြစ်သူက မကောင်းဆိုးဝါး ပူးကပ်သည်ဟု အထင်ရှိကာ ပယောဂဆရာနှင့် ကုသခဲ့ သော်လည်း အလုပ် မဖြစ်ခဲ့ပေ။

ဆရာဝန်များက ပီရက်ဇ် သေဆုံးပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ကြသောကြောင့် သူ့ကို လက်ထပ်ဝတ်စုံ ဝတ်လျက်သားနှင့်ပင် မြှပ်နှံခဲ့ကြသည်။ သို့ရာတွင် မြှပ်နှံပြီး နောက်တစ်နေ့တွင် ဂူထဲမှ ငိုသံသဲ့သဲ့ ကြားလာရသည့်အခါတွင် အရာရာပြောင်းလဲသွားခဲ့သည်ဟု သူ၏မိသားစုက ပြောကြားခဲ့သည်။   

“အုတ်ဂူပေါ်ကို ကျွန်မ လက်တင်လိုက်တာနဲ့ အထဲက ဆူညံသံတွေကို ကြားလာရတယ်။ ထုရိုက်ကုတ်ခြစ်နေတဲ့အသံတွေ၊ နောက်တော့ သူရဲ့ အသံ။ သူဟာ အော်ဟစ်အကူအညီ တောင်း နေတယ်”ဟု ပီရက်ဇ်၏ ခင်ပွန်းသည်ဖြစ်သူ ရူဒီဂွန်ဇာလက်က ဒေသတွင်းသတင်းဌာန Primer Impacto ကို ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က Primer က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုတွင်လည်း မိသားစုဝင်များက ပီရက်ဇ်၏ ကွန်ကရစ်အုတ်ဂူကို ဆယ်ပေါင်တူကြီးများဖြင့် ထုခွဲနေပုံများကို ရိုက်ပြထားသည်။ သူ၏ အလောင်းကို ပြန်ဖော်ရသည့်အခါတွင် သူမှာ မလှုပ်မရှား အေးစက်တောင့်တင်းနေပြီဖြစ်သော်လည်း အသက်ရှင်နေနိုင်သေးသည်ဟူသော မျှော်လင့်ချက်ဖြင့် ဆရာဝန်တစ်ယောက်ထံသို့ သယ်ဆောင် သွားခဲ့ကြသည်ဟု ဆိုသည်။

“အားလုံးက သူ အသက်ရှင်နေသေးတယ်လို့ ပြောနေကြတော့ လိုအပ်တဲ့စစ်ဆေးမှုတွေ အား လုံး လုပ်ခဲ့ပါတယ်” ဟု ဒေါက်တာ ကလော်ဒီရာ လိုပက်ဇ်က Primer သို့ ပြောကြားခဲ့သည်။ သို့ရာတွင် ထူးခြားမလာပါ။ ပီရက်ဇ်သည် လူ့လောကသို့ ပြန်မလာနိုင်တော့ဟု ဆရာဝန်များက ပြောကြားခဲ့ကြ သည်။

ပီရက်ဇ်ကို ချစ်ခင်ရသူများကမူ ပီရက်ဇ်၏ အော်ဟစ်ကုတ်ခြစ်နေသံကို အမှန်တကယ် ကြားခဲ့ ရသည်ဟု ကျိန်တွယ်ပြောကြသည်။ ပီရက်ဇ်အား အခေါင်းအတွင်းမှ ဆွဲထုတ်ချိန်တွင် အခေါင်းမှန်ပြ တင်းမှာ ကွဲကြေနေပြီး သူ၏ လက်ချောင်း ထိပ်ကလေးများမှာလည်း ညိုမည်းနေသောကြောင့် သူ လွတ်မြောက်ဖို့ ကြိုးစားနေခဲ့ကြောင်းကို ဖော်ပြနေသည်ဟု Daily Mirror တွင် ရေးသားခဲ့သည်။

ပီရက်ဇ်၏ မိခင်ကမူ သမီးဖြစ်သူမှာ အသက်ရှင်လျက် မြှပ်နှံခံလိုက်ရပြီး ဆရာဝန်များက သူ သေဆုံးကြောင်း အလျင်စလို အတည်ပြုခဲ့ကြခြင်းသာ ဖြစ်သည်ဟု ယုံကြည်လျက်ရှိသည်။

“သူ သေပြီလို့ ကြေညာခံရပြီး ဒီလောက်ကြာတဲ့အချိန်မှာ လူတိုင်းက သူ အသက်ပြန်ရှင်လာ ပြီလို့ ပြောနေကြတယ်။ ငါ့သမီးကို ငါပြန်ရတော့မှာပါလားဆိုတဲ့ အတွေးနဲ့ ကျမ သိပ်ပျော်သွားခဲ့တယ်” ဟု မိခင်ဖြစ်သူက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly