မန္တလေးတွင် စက်သံဆူညံအိပ်ဇောများ ဖျက်ဆီး

မန္တလေးတွင် စက်သံဆူညံအိပ်ဇောများ ဖျက်ဆီး
ဓာတ်ပုံ - ဘိုဘို

 

ဧပြီ ၁၁ ။                            ။ မဟာသင်္ကြန်ကာလ အကြို စီမံချက်ဖြင့် ပညာပေးဖမ်းဆီးရမိသည့် စက်သံဆူညံအိပ်ဇောများ ဖျက်ဆီးခြင်းလှုပ်ရှားမှုကို ဧပြီလ ၁၁ ရက်၊နံနက် ၁၀ နာရီ ၃၀ မိနစ်က မန္တလေးမြို့၊၇၃လမ်းနှင့်ငုရွှေဝါလမ်းဆုံအနီး မင်္ဂလာမန္တလေးကွင်းတွင်ပြုလုပ်ခဲ့သည်။

 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့်အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(မန္တလေး) ၊အမှတ် (၁၄)ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲ(မန္တလေး)တို့က စီမံချက်ချ၍ မဟာသင်္ကြန်ပွဲတော် အကြို ကာလအတွင်း စက်သံဆူညံ အိပ်ဇောတပ် မောင်းနှင်သည့် ယာဉ်များကို ဖမ်းဆီးပညာပေးအရေးယူမှုများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးရမိသည့် စက်သံဆူညံအိပ်ဇော ၁၀၀၅ခုကို ယနေ့ ဖျက်ဆီးခြင်းဖြစ်သည်။

မန္တလေးမြို့တွင်းမှ ၆၃၅ခု၊ကျောက်ဆည်မှ၈၀၊ညောင်ဦးမှ ရ၀၊မြင်းခြံမှ၁၅၀၊မိတ္ထီလာမှ၅၂ခု၊ရမည်းသင်းမှ၁၃ခု စုစုပေါင်း ၁၀၀၅ခုဖမ်းဆီးရမိခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ ခန့်ကို ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှရဲမှူး ကြီးကံသိန်း ကပြောသည်။

"မော်တော်ကား ဆိုင်ကယ်တွေနဲ့ ပတ်သက်ပြီး အများပြည်သူစိတ်ငြိုငြင်နိုင်စိတ်အနှောင်အယှက်ဖြစ်နိုင်တဲ့ အသံဆူညံမှုတွေနဲ့ပတ်သက်ပြီးမှ အိတ်ဇောတွေကို ပညာပေးဆောင်ရွက်မှုဖြစ်ပါတယ်။ဒီအိတ်ဇောတွေကို ဖြုတ်ပြီးတော့မှ သူတို့ကို အခြားအသံထိန်းကိရိယာပါတဲ့အိတ်ဇောတွေပြန်လဲပြီးတော့မှပဲ ခွင့်ပြုပြီးမှပြန်ပေးပါမယ်။ဒါတွေကတော့ ဖျက်ဆီးတဲ့ အခမ်းအနားလေးလုပ်ပေးတာပါ"ဟု ရဲမှူးကြီး ကံသိန်းကပြောသည်။

လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက"စက်သံဆူညံတဲ့ယာဉ်တွေကြောင့် အများပြည်သူများအနေနဲ့စိတ်မချမ်းမသာဖြစ်ရသလို လမ်းအသုံးပြုသူများအနေနဲ့လည်း မလိုလားအပ်တဲ့အကျိုးဆက်တွေ ဖြစ်ပေါ်စေတဲ့အတွက် အများပြည်သူ စိတ်ချမ်းသာစေခြင်းအလို့ငှာ အခုလို အလေးထား ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ဒီနေရာ လမ်းစည်းကမ်း ယာဉ်စည်းကမ်းမလိုက်နာတဲ့ ဆူညံအိတ်ဇောတပ်ဆင်ထားတဲ့ မော်တော်ကား၊မော်တော်ဆိုင်ကယ်တွေရဲ့ယာဉ်မောင်းတွေကို ၂၀၁၅ခုနှစ် မော်တော်ယာဉ်ဥပဒေအရအရေးယူပြီးတော့ စက်သံဆူညံတဲ့ အိတ်ဇောပိုက်တွေကို စက်သံလုံခြံုတဲ့ အိတ်ဇောတွေနဲ့အစားထိုးလဲလှယ်စေပြီးမှသာ ယာဉ်တွေကို ပိုင်ရှင်ဖြစ်သူထံ ထုတ်ပေးခဲ့ပါတယ်"ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ၂၀၁၇ခုနှစ်တွင် ယာဉ်မတော်တဆမှုပေါင်း ၂၂၃၃မှု၊ဒဏ်ရာရရှိသူပေါင်း ၃၅၆၅ဦးနှင့်သေဆုံးသူ ရ၈၅ဦးရှိခဲ့သည်။ဖြစ်ပွားမှုအရေအတွက်အရ ပျမ်းမျှတစ်ရက်ကို ယာဉ်မတော်တဆမှု ၆ မှု၊ဒဏ်ရာမှု ၁၀ မှု၊သေဆုံးသူ ၂ ဦးရှိသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလမှသြဂုတ်လအထိ ယာဉ်မတော်တဆမှုပေါင်း ၅၇၈မှု၊ဒဏ်ရာရရှိသူ ရ၉၅ဦးနှင့်သေဆုံးသူ ၂၀၇ဦးရှိသည်။ဖြစ်ပွားမှုအရေအတွက်အရ တစ်ရက်ကို ပျမ်းမျှယာဉ်မတော်တဆမှု ၆ မှု၊ဒဏ်ရာရရှိသူ ၉ ဦး၊သေဆုံးသူ ၂ ဦးရှိသည်။

ယခုလိုဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများထဲတွင် ဆိုင်ကယ်ကြောင့် ဖြစ်ပွားမှုမှာ အများဆုံးဖြစ်သည်ဟု လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly