ခေတ်လေးခေတ်ကို ထင်ဟပ်စေမည့် လမ်းလျှောက်သင်္ကြန်ကျင်းပမည်

ခေတ်လေးခေတ်ကို ထင်ဟပ်စေမည့် လမ်းလျှောက်သင်္ကြန်ကျင်းပမည်

ရန်ကုန်၊ ဧပြီ ၁၁ ။             ။ ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ မျက်မှောက်ခေတ် အစရှိသည့် ခေတ်လေးခေတ်မှသင်္ကြန် ပုံရိပ်များကို ပြန်လည်ထင်ဟပ်စေမည့် လမ်းလျှောက် သင်္ကြန်ကိုကျင်းပသွားမည်ဖြစ်ကြောင်း လမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သည့် ကိုကောင်းစည်သူ ကပြောသည်။

The Youth Committee မှဦးဆောင်ပြုလုပ်သည့် ခေတ်လေးခေတ်မှ သင်္ကြန်ကျင်းပခဲ့ကြပုံများကိုပုံဖော်ရာတွင် ဂီတပညာရှင် ဓိရာမိုရ် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လမ်းလျှောက်သင်္ကြန်ကို ၂၀၁၆ ခုနှစ်ကတည်းကပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ပိုမိုခမ်းခမ်းနားနားနှင့် အမှတ်တရဖြစ်စေချင်သည့်အတွက် ခေတ်လေးခေတ်ကိုထင်ဟပ်စေမည့် ဖျော်ဖြေမှုများပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း ဂီတပညာရှင် ဓိရာမိုရ်ကပြောသည်။

" နံပါတ် တစ်ကတော့ အရေးအကြီးဆုံး သင်္ကြန်ဆိုတာစပြီးပေါ်ခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုးရှိခဲ့တဲ့ ပုဂံခေတ်ပေါ့။ နောက်တစ်ခေတ်က သင်္ကြန်အရမ်းထွန်းကားတယ်ဆိုတဲ့ ကုန်းဘောင်ခေတ်သင်္ကြန်၊ ဒါသီချင်းတွေလည်းအများကြီးရှိတယ်။ နောက်တစ်ခုက သင်္ကြန်ရဲ့ပုံစံက ဒီဘက် ခေတ်ထိရောက်လာတဲ့ တစ်ဆစ်ချိုးပေါ့နော် ဆရာမြို့မငြိမ်းတို့လက်ထက်ပေါ့ ကိုလိုနီ ခေတ်သင်္ကြန် နောက်တစ်ခေတ်ကတော့ အခုလက်ရှိ မျက်မှောက်ခေတ်သင်္ကြန်ပေါ့ အဲ့ဒီ့ခေတ်တွေကိုထင်ဟပ်မယ့် အစီအစဉ်လေးတွေကို ဖျော်ဖြေသွားဖို့ရှိပါတယ် " ဟု ၄င်းကဆိုသည်။

အဆိုပါလမ်းလျှောက်သင်္ကြန်ကို ဖြစ်မြောက်ရေးအတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ် ၁၊ သန်လျင်နည်းပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုဒီဂရီကောလိပ် တို့မှလည်းပူးပေါင်းပါ ၀င်ထား ကြောင်းသိရသည်။

The Youth Committee မှဦးဆောင်ပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ကို ရန်ကုန်မြို့လယ် နှင့် ကန်တော်ကြီးဥယျာဉ်တစ်ဝိုက် ပြုလုပ်သွားမှာ ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုမိန့်ကိုစောင့်   ဆိုင်းနေရသောကြောင့် လတ်တလောတွင် စုရပ်ကိုပြောပြနိုင်ခြင်းမရှိ သေးကြောင်းလည်း ၄င်းကဆက်လက်ပြောသည်။

" အတက်နေ့ နေ့လည် ၂နာရီမှာစပြီးတော့ စုရပ်မှာစုံပြီးစထွက်ဖြစ်မှာဖြစ်ပါတယ်။ နှစ်တိုင်းက ကျွန်တော်တို့က အတက်နေ့့မှာမှ နေ့လည် တစ်ပိုင်းပဲ လုပ်နိုင်တာ ဘာလို့လည်းဆိုတော့ စီးပွားဖြစ်လုပ်တဲ့ဟာမဟုတ်ဘူးပေါ့နော်။ လူငယ်တွေကပဲစုစည်းပြီး တတ်နိုင်တဲ့လုပ်အားနဲ့ ၀ိုင်းဝန်းပြီးတော့ မဖြစ်ဖြစ် အောင် လုပ်ရတာ"

ရန်ကုန်မြို့တစ်လျှောက် လမ်းလျှောက်သင်္ကြန်ကျင်းပကာ နောက်ဆုံးစုရပ်တွင် ဂီတပညာရှင် ဓိရာမိုရ်ဦးဆောင်သည့် တီးဝိုင်းမှအဆိုအကများ ဖြင့်ဖျော်ဖြေသွား ရန်စီစဉ်ထားခြင်းလည်းဖြစ်သည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ကို ၂၀၁၆ ခုနှစ်က လူဦးရေ ၂၀၀၀ ခန့် ၊ ၂၀၁၇ ခုနှစ်တွင် လူဦးရေ ၁၀,၀၀၀ ခန့်ပါ၀င်ခဲ့ပြီး ယခုနှစ် ၂၀၁၈ သင်္ကြန်တွင် လူဦးရေ ရ၀၀၀ ခန့်ပါ၀င်လာရန်ခန့်မှန်းထားကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly