မြန်မာနိုင်ငံမှာ အမုန်းစကားဖြန့်မှု ပိတ်ဆို့တားဆီးရေး ဖေ့ဘွတ်ခ်ဘက်က ပိုမို တင်းကျပ်ဆောင်ရွက်တော့မယ်လို့ ဇူကာဘတ် ပြော

မြန်မာနိုင်ငံမှာ အမုန်းစကားဖြန့်မှု ပိတ်ဆို့တားဆီးရေး ဖေ့ဘွတ်ခ်ဘက်က ပိုမို တင်းကျပ်ဆောင်ရွက်တော့မယ်လို့ ဇူကာဘတ် ပြော

ဧပြီ ၁၁ ။             ။ မြန်မာနိုင်ငံမှာ ဖေ့ဘွတ်ခ်ကို အသုံးပြုပြီး အမုန်းပွားစေတဲ့ ရေးသားပြောဆိုမှုတွေလုပ်နေတာတွေကို  တိုက်ဖျက် ထိန်းချုပ်သွားနိုင်ဖို့အတွက် ယခုထက် ပိုမို တင်းတင်းကျပ်ကျပ် ဆောင်ရွက်တော့မယ်ဆိုပြီး ဖေ့ဘွတ်ခ် စီအီးအို မာ့ခ် ဇူကာဘတ်က ဧပြီ ၁၀ ရက်နေ့ အမေရိကန်လွှတ်တော် ကြားနာမှုတစ်ခုမှာ ပြောသွားပါတယ်။

ပြီးခဲ့တဲ့ကာလအတွင်း ၎င်းရဲ့ ဖေ့ဘွတ်ခ် ပလက်ဖောင်းပေါ်ကနေတဆင့် မွတ်ဆလင် ဆန့်ကျင်ရေး အမုန်းစကား ပြောဆိုမှုတွေ ပြန့်နှံခဲ့မှုအပေါ် ကုမ္ပဏီဘက်က လုံလုံလောက်လောက် တုန့်ပြန်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဘူးဆိုပြီး ပြောဆိုဝေဖန်ချက်တွေ ထွက်ရှိနေခဲ့ပြီးနောက် ယခုလို ဇူကာဘတ်က အထက်ပါအတိုင်း ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

" မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေ တော်တော့်ကို ဆိုးရွားနေပါတယ်၊ အဲဒီအတွက် ကျွန်တော်တို့ ခုထက် ပိုပြီး ကြပ်မတ်ထိန်းသိမ်းဖို့ လိုနေပါပြီ" ဆိုပြီး ဇူကာဘတ်က ငါးနာရီကြာ ဆိနိတ် ကြားနာမှုအစီအစဉ်တစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ကြားဝင်နှောက်ယှက်ခံရမှု၊ အမုန်းစကား ဖြန့်ဝေမှု တို့အပိုင်းတွေမှာ ဖေ့ဘွတ်ခ်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေလျက်ရှိတဲ့ ဆိနိတ်လွှတ်တော် ကုန်သွယ်ရေးကော်မတီနဲ့ ဆိနိတ် တရားရေး ကော်မတီရှေ့မှောက်မှာ ဇူကာဘတ်က အထက်ပါအတိုင်း ကတိပြုသွားတာဖြစ်ပါတယ်။

ဖေ့ဘွတ်ခ် ကုမ္ပဏီအနေနဲ့ ယင်းရဲ့ ပလက်ဖောင်းပေါ်က အမုန်းစကားဖြန့်၊ သွေးထိုးလှုံ့ဆော်မှုတွေကို ထိရောက်မြန်ဆန်စွာ တုန့်ပြန်အရေးယူဆောင်ရွက်ပေနိုင်ခြင်းမရှိဘူးဆိုပြီး မကြာသေးမီ ရက်ပိုင်းအတွင်းကလည်းပဲ မြန်မာနိုင်ငံက အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ချို့က ဖေ့ဘွတ်ခ်ဆီကို အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားပေးပို့ခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ တစ်ဦးနဲ့ တစ်ဦး ခြိမ်းခြောက်ရန်လိုမှုတွေ ပါ၀င်တဲ့ အကြောင်းအရာတွေကို ဆိုဒ်ပေါ်ကနေ ဖြုတ်ချဖယ်ရှားနိုင်ဖို့အတွက် မြန်မာစကားပြောသူတွေကို ကုမ္ပဏီဘက်က ပိုမိုငှားရမ်းခန့်ထားလျက်ရှိတယ်လို့လည်း ဇူကာဘတ်က ပြောသွားပါတယ်။

" အဲဒီမှာ မြန်မာစကားပြောတတ်သူတွေရဲ့ ပူးပေါင်းပါ၀င်မှု မပါဘဲ လုပ်ကိုင်ဖို့ကတော့ ခက်ခဲပါတယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီမှာ သိသိသာသာ ပိုပြီး အားထုတ်ကြိုးပမ်း ထိန်းချုပ်ကြပ်မတ်ပေးဖို့ လိုနေပါပြီ" လို့ ၎င်းက ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ရိုဟင်ဂျာဗီးရှင်းလို Facebookကိုအသုံးပြုပြီး သတင်းအမှားတွေနဲ့ဝါဒဖြန့်နေတဲ့ သတင်းဌာန တွေလည်းရှိနေပါတယ်။ရိုဟင်ဂျာဗီးရှင်းဟာ မြန်မာဘာသာစကားနဲ့ဝါဒဖြန့်တဲ့ ပြည်ပအခြေစိုက် မီဒီယာတစ်ခုဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly