ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသို့ ဧပြီ ၁၁ ရက်နေ့ ရောက်ရှိမည်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသို့ ဧပြီ ၁၁ ရက်နေ့ ရောက်ရှိမည်

 

ဧပြီ ၁၁ ။           ။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည်စခန်းတွေဆီ ယနေ့ ဧပြီ ၁၁ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ မြန်မာအစိုးရဝန်ကြီးတစ်ဦး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေဆီ ရှားရှားပါးပါး သွားရောက်တဲ့ ခရီးစဉ်တစ်ခုဖြစ်ပြီး ယခု ခရီးစဉ်ကြောင့် ထောင်ပေါင်းများစွာသော ဘင်္ဂါလီဒုက္ခသည်တွေ မူလနေရပ်ပြန်ရေးကိစ္စ ဆောင်ရွက်မှုတွေကို ပိုမို မြန်ဆန်သွားစေမယ်လို့ ဒါကာ အာဏာပိုင်တွေဘက်က မျှော်လင့်နေပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဟာဆိုရင် အဆိုပါ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကမ့်စခန်းတွေမှာ ရှိကြတဲ့ အကြမ်းဖျဉ်းအားဖြင့် ဘင်္ဂါလီ မွတ်ဆလင် ခုနစ်သိန်းလောက်အနက်က တစ်ချို့နဲ့ တွေ့ဆုံစကားပြောသွားမယ်လို့လည်း သိရပါတယ်။

" ဒီမှာ မြန်မာနိုင်ငံက လူတွေအများကြီး ရှိနေပါတယ်၊ ဒီခရီးစဉ်ကတော့ ဒီမှာ ရှိနေသူတွေရဲ့ အခြေအနေကို လာကြည့်တဲ့ သူတို့ရဲ့ ကျင့်ဝတ် စောင့်ထိန်းမှုတစ်ခုဖြစ်ပါတယ်" လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာ Mohammed Abul Kalam က ပြောသွားပါတယ်။

" သူတို့နိုင်ငံကတော့ ဒီ ဒုက္ခသည်တွေ မူလနေရပ်ပြန်ခေါ်ရေးကိစ္စကို စိတ်နှစ်ကိုယ်နှစ် လုပ်နေတယ်လို့ ကမ္ဘာကို ပြသချင်ပါလိမ့်မယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒီပြဿနာတွေကို အမြန်ဆုံး ပြေလည်သွားချင်တဲ့ ဆန္ဒရှိပါတယ်၊ ဒါက နိုင်ငံအတွက် ကြီးမားတဲ့ ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေပါတယ်" လို့ ၎င်းက ပြောသွားပါတယ်။

ယခုလို Cox's Bazar မှာ ရှိတဲ့ Kutupalong ဒုက္ခသည်ကမ့်စခန်းတွေဆီ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်ရာမှာတော့ Kalam လည်း အတူလိုက်ပါသွားမယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly