ဆီးရီးယားအစိုးရ၏ ဓာတုလက်ထိန်းသိမ်းရာနေရာများကို တိုက်ခိုက်ရန်စဉ်းစားနေဟု ပြင်သစ်သမ္မတပြောဆို

ဆီးရီးယားအစိုးရ၏ ဓာတုလက်ထိန်းသိမ်းရာနေရာများကို တိုက်ခိုက်ရန်စဉ်းစားနေဟု ပြင်သစ်သမ္မတပြောဆို

 

ပဲရစ်၊ ပြင်သစ်၊ ဧပြီ ၁၁။                 ။ ဆီးရီးယားအစိုးရသည် သူပုန်ထိန်းချုပ်ရာနယ်မြေများကို ဓာတုလက်နက်များနှင့်တိုက်ခိုက်ခဲ့သည်ဟု နိုင်ငံ တကာအသိုင်းအဝိုင်းက သံသယဖြစ်ပွားခဲ့ပြီးနောက်တွင် အကယ်၍ ပြင်သစ်တို့အနေဖြင့် ဆီးရီးယားစစ်တပ်ကို ထိုးစစ်ဆင်ဖို့ဆုံးဖြတ်ခဲ့ပါက ၄င်းတို့၏ဓာတုလက်နက်များ သိုလှောင်ရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက် သွားမည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံသို့ လာရောက်လည်ပတ်သော ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့အပြီးတွင် မက်ခရွန်က ဆီးရီးယားအစိုးရကို အမေရိကန်၊ဗြိတိန်တို့နှင့် ပူးပေါင်းပြီးတုံ့ပြန်ဖို့ လာမည့် ရက်များအတွင်း ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့ဆုံးဖြတ်ချက်ဟာ ဆီးရီးယားအစိုးရရဲ့မဟာမိတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ဆီးရီးယားအစိုးရရဲ့ ဓာတုလက်နက်တွေသိုလှောင်ရာနေရာတွေကို တိုက်ခိုက်သွားဖို့ပဲဖြစ်ပါတယ်” ဟု မက်ခရွန်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဒါ့အပြင် ပြင်သစ်တို့ရရှိထားသော အချက်အလက်များအရ ဆီးရီးယားအစိုးရသည် ဓာတုလက်နက်များကို အမှန်တကယ်သုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုလုပ်ရပ်များအတွက် ယင်းအစိုးရထံတွင် တာဝန်အပြည့်အဝရှိ ကြောင်း မက်ခရွန်က ပြောခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပြီးခဲ့သောစနေနေ့ကဖြစ်ပွားခဲ့သော လူပေါင်း ၄၀ ထက်မနည်းသေဆုံး ခဲ့သည့် ဓာတုလက်နက်နှင့်တိုက်ခိုက်မှုအတွက် ဆီးရီးယားအစိုးရကို တန်ပြန်တိုက်ခိုက်သွားမည်ဟု ကြေညာခဲ့ အပြီးတွင် မက်ခရွန်က ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

ဒါ့အပြင် အပြစ်မဲ့ဆီးရီးယားပြည်သူများအပေါ် တားမြစ်ထားသော ဓာတုလက်နက်များကိုအသုံးပြုပြီး တိုက်ခိုက် ခဲ့မှုအတွက် ဆီးရီးယားအစိုးရကို အင်အားအပြည့်နှင့်တုံ့ပြန်သွားမည်ဟု မက်ခရွန်က တနင်္လာနေ့ကလည်း ပြောခဲ့သည်။

ဆက်လက်ပြီး ဆော်ဒီအာရေဗျအစိုးရအနေဖြင့် ဆီးရီးယားအစိုးရကို လက်တုံ့ပြန်မည့်တိုက်ခိုက်မှုအတွင်း ပါ၀င်သွားမလားဟု သတင်းထောက်များက မေးမြန်းခဲ့ချိန်တွင် မင်းသားမိုဟာမက်က “ကျနော်တို့ရဲ့ မဟာမိတ် တွေနဲ့ မိတ်ဖက်နိုင်ငံတွေက တောင်းဆိုလာခဲ့မယ်ဆိုရင် ကျနော်တို့ဝင်ပါသွားမှာဖြစ်ပါတယ်” ဟု ဖြေကြားခဲ့ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags