ဆေးများပိုနေကြောင်း ပြောဆိုခဲ့မှုအပေါ် ကျန်းမာရေးဝန်ကြီး ပြန်တောင်းပန်

ဆေးများပိုနေကြောင်း ပြောဆိုခဲ့မှုအပေါ် ကျန်းမာရေးဝန်ကြီး ပြန်တောင်းပန်

ရန်ကုန် ၊ ဧပြီ ၁၁ ။                  ။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဖြေဆိုခဲ့မှုများနှင့်ပတ်သက်ပြီး ပြည်သူများ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပါက တောင်းပန်ပါသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၄င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

"ကျွန်တော့ရဲ့ အားနည်းချက် ကြောင့် အများပြည်သူများ စိတ်ကသိကအောက်တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် တောင်းပန်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်ဟာ ကျွန်တော့ရဲ့သစ္စာရှိသော အမှုထမ်းများနဲ့ အတူလက်တွဲပြီးတော့ ကျွန်တော့ရဲ့ အကောင်းဆုံးသောစွမ်းရည်များကို အစွမ်းကုန်အသုံးချကာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင် သွားမှာဖြစ်ပါတယ်" ဟု ဒေါက်တာမြင့်ထွေးကဆိုသည်။

ငြိမ်းချမ်းရေးစကားဝိုင်းတွင် ၀န်ကြီး၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ပြည်သူလူထုတစ်ချို့က မကြိုက်ကြောင်း လာပြောခဲ့ခြင်းကြောင့် သူပြောဆိုခဲ့သည်များကို ပြန်စဉ်းစားခဲ့သည်ဟု ဒေါက်တာမြင့်ထွေးက ဆိုသည်။

ထိုသို့ ပြန်လည်စဉ်းစားရာတွင် သူ့၏ ဖြေကြားခဲ့မှုများသည်  မပြည့်စုံ ၊ မတိကျမှုများ ရှိနေပြီး ယင်းအတွက်ကြောင့် စိတ်ကျေနပ်မှုမရခဲ့ကြောင်း ဒေါက်တာမြင့်ထွေးက သူ့၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြ ထားသည်။

မြောင်းမြမြို့တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဒေါက်တာမြင့်ထွေးက "တော်တော်များများရတယ်၊ မရဘူးဆိုတာ နည်းနည်းရှားပါးတဲ့  ကင်ဆာရောဂါဖြစ်တဲ့ဆေး အဲ့ဒါပဲ။ ဓါတ်ခွဲခန်းတွေမှာ အားလုံးနီးပါးကို အလကားပေးပါတယ်။လုံးဝ ပိုက်ဆံမယူပါဘူး။   နောက်ဆုံးပေါ်ဖြစ်တဲ့ MRI တို့လောက်ပဲ ပိုက်ဆံယူပါတယ်" ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆေးဝါးမရရှိခြင်းသည် မဖြစ်နိုင်ကြောင်း ၊ ဆေးဝါးများ ၀ယ်ယူရန် ယခုနှစ်အတွင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ဘဏ္ဍာငွေ တော်တော်များများ အသုံးပြုထားပြီး တစ်ချို့ဆေးဝါးများသည် အသုံးပြုရမည့်ရက် ကျော်လွန်သွားခြင်းများပင်ရှိသည်ဟု ၄င်းက ပြောဆိုခဲ့သည်။

ယင်းပြောကြားချက် နှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အောက်ခြေနှင့် ကင်းကွာနေသည်ဟု ပြည်သူအချို့က ဝေဖန်ပြောဆိုနေမှုများ ရှိနေသလို ပြီးခဲ့သည့် အစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပါက ကျန်းမာရေးဝန်ဆောင်မှု ပိုမိုကောင်းမွန်လာသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly