ရွေးကောက်ပွဲသတင်း ရယူခွင့်သည် သတင်းလွတ်လပ်ခွင့်ရဲ့ အခြေခံအချက်

ရွေးကောက်ပွဲသတင်း ရယူခွင့်သည် သတင်းလွတ်လပ်ခွင့်ရဲ့ အခြေခံအချက်

လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အလွန်အရေး ကြီးသည့် ရွေးကောက်ပွဲတစ်ခုဖြစ်သည်။ ယင်းရွေးကောက်ပွဲ လွတ်လပ်ဖို့ မျှတဖို့သည် လည်းမြန်မာနိုင်ငံအတွက် ၊နိုင်ငံသားများအတွက် အလွန်အရေးကြီးလှသည်။ ယင်းသို့ လွတ်လပ်၍ တရားမျှတမှုရှိစေဖို့ရာတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍသည် အရေးကြီးသည့် နေရာမှ ပါဝင်နေပေသည်။

သတင်းမီဒီယာက လာမည့်ရွေးကောက်ပွဲ၏ လွတ်လပ်မျှတမှု ရှိဖို့အရေးတွင် စောင့်ကြည့်ကာ ရေးသားတင်ပြသည့်တာဝန်၊ ဝေဖန်ထောက်ပြရမည့် တာဝန်ရှိခြင်းကြောင့် သတင်းမီဒီယာ လွတ်လပ်စွာ သတင်းရယူခွင့်ရှိ၍ လွတ်လပ်စွာ ဖော်ပြရေးသားခွင့်ရှိမှသာ မီဒီယာက အထက်ပါတာဝန်ကို ထမ်းဆောင်နိုင်မည့် သဘောဖြစ်သည်။

လတ်တလော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲနေ့တွင် သတင်းရယူခွင့်ရှိကြောင်း ထုတ်ပြန်ချက်သည် သတင်းမီဒီယာသမား များအား မိမိတို့လွတ်လပ်ခွင့်ကို ကန့်သတ်ခြင်းပေလားဟု စိုးရိမ်သောက ပွားစေပေသည်။

သတင်းရယူခွင့်ရှိကြောင်း အကြောင်းကြားသည့် ထုတ်ပြန်ချက်ဖြစ်သော်လည်း ယင်းသတင်း ရယူခွင့်အတွက် အခြားသော ကန့်သတ်ချက်များက သတင်းသမားများအား စိုးရိမ်စေခြင်း ဖြစ်သည်။

သတင်းမီဒီယာ ဌာနတစ်ခုအတွက် မြို့နယ်တစ်ခုတွင် သတင်းသမား ၃ ဦးထက်ပို ၍ သတင်းရယူခွင့်မရှိဟု ဖော်ပြထားခြင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ အခါအားလျော်စွာ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို လိုက်နာပါမည်ဟု ခံဝန်ထိုးရမည်ဟု ဖော်ပြထား ခြင်းတို့က သတင်းသမားများကို စိုးရိမ်စေခြင်း ဖြစ်သည်။

အသွင်ကူးပြောင်းရေးသို့ ဦးတည်သွားနေသည့် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ကန့်သတ်မှု ချုပ်ချယ်မှုများအောက် ဆယ်စုနှစ်များစွာ နေထိုင်လာရခြင်းကြောင့် ယခုလို ကန့်သတ်ချက်များ ချုပ်ချယ်ချက် များတွေ့မြင်သည်နှင့် တုံ့ပြန်မှုများ ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်ကို တွေ့ရသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် အထက်က ကန့်သတ်ချက်မျိုး မထုတ် ပြန်သင့်ပေ။ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေနှင့် နည်းဥပဒေများ ရှိပြီးဖြစ်၍ ယင်း ဥပဒေ နည်းဥပဒေများကို သတင်းသမား များလည်း လိုက်နာရမည်ဆိုသည်မှာ အထွေအထူး ပြော    စရာလိုမည့် ကိစ္စမဟုတ်ပေ။ သတင်းလွတ်လပ်ခွင့် အခြေခံအခွင့်အရေးများ၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့် အခြေခံများအရ  သတင်းရယူမည့် ဧရိယာကိုလည်း ကန့်သတ်ခြင်းလည်း မပြုလုပ်သင့်ပေ။

ရွေးကောက်ပွဲ ကော်မရှင်က တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လေ့လာဖို့သာ နှိုးဆော်သင့်ပြီး ယခုကဲ့သို့သော သတင်းရယူခွင့်ကတ်အတွက် ကိုယ်တိုင်ခံဝန်ချက်ဖြင့် လက်မှတ်ထိုးရန် လိုအပ်ခြင်း မဖြစ်သင့်ပေ။

ယခုကဲ့သို့သော သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မ ရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းများကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) သည် လုပ် ဆောင်ပေးပါရန် မဇ္ဈိမက တိုက်တွန်း ရေးသားလိုသည်။

ကောင်စီသည် ယခုကိစ္စရပ်တွင် အဓိကဆုံချက် အဖွဲ့အစည်းတစ်ခု ဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ တိုက်တွန်းလိုက်ရခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပရန် ၂ လသာသာ အလိုတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများက မိမိတို့တာဝန် ဝတ္တရားများကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ရေးအတွက် ရွေးကောက် ပွဲတွင် တာဝန်အရှိဆုံး အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း အသီးသီးကလည်း အခြားသော နယ်ပယ်ဖြစ်သည့် သတင်း မီဒီယာသမားများ၏ အခွင့်အရေးကို နားလည်လေးစားရန် လိုအပ်ကြောင်း မဇ္ဈိမ က တိုက်တွန်း ရေးသားလိုပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags