လူ ၆ ဦးသေဆုံးခဲ့သော ထောက်ကြန့် ယာဉ်တိုက်မှု ဟိုင်းလပ်ယာဉ်မောင်းအား ပုဒ်မ ၃ဝ၄ (က)ဖြင့် အမှုဖွင့်ထား

လူ ၆ ဦးသေဆုံးခဲ့သော ထောက်ကြန့် ယာဉ်တိုက်မှု ဟိုင်းလပ်ယာဉ်မောင်းအား ပုဒ်မ ၃ဝ၄ (က)ဖြင့် အမှုဖွင့်ထား
ဓာတ်ပုံ - ကိုလတ်ကြီး၊ကျော်မင်း

ရန်ကုန်၊ ဧပြီလ ၁ဝ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ မြို့ရှောင်လမ်းထိပ်တွင် လူ ၆  ဦး သေဆုံးခဲ့သော  မီနီဘတ်စ် ယာဉ်နှင့် ဟိုင်းလပ်ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ဟိုင်းလပ်ယာဉ်မောင်းအား ပုဒ်မ ၃ဝ၄ (က)ဖြင့် အမှုဖွင့် ထားကြောင်း မင်္ဂလာဒုံမြို့နယ်၊ ယာဉ်မှူးစစ် ရဲအရာရှိက မဇ္ဓျိမသို့ ပြောသည်။

“အခုလက်ရှိတော့  ၃ဝ၄(က)နဲ့ ထောက်ကြန့် ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။ ဟိုင်းလပ်က မှားတာပေါ့။ သူက ယာဉ်စီးကမ်းချိုးဖောက်တာပေါ့။ ဒါကြောင့် အရေးယူမှုပိုင်းကလည်း ဟိုင်းလပ်ကိုပဲ အရေးယူမှာပါ။ မီနီ ဘတ်ကတော့ မဆိုင်တော့ပါဘူး” အဆိုပါ ယာဉ်မှူးစစ် ရဲအရာရှိက ပြောသည်။

လက်ရှိတွင် ယာဉ်မောင်း ၂ ဦးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ထောက်ကြန့် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များနှင့် ယာဉ်မှူးစစ်တို့က ယာဉ်ပိုင်ရှင်မှတဆင့် စုံစမ်းရှာဖွေနေကြောင်းသိရသည်။

ထိုသို့ လူ ၆ ဦးသေဆုံးခဲ့ပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော ယာဉ်တိုက်မှုမှာ ယနေ့ ဧပြီလ ၁ဝ ရက်၊ နံနက် ရ နာရီ၊ ၄ဝ မိနစ်ခန့်အချိန်တွင် ထောက်ကြန့် မြို့နယ်၊ မြို့ရှောင်လမ်းထိပ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သွားရောက်ကူညီပေးခဲ့သည့် ထောက်ကြန့်မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ ထောက်ကြန့်မှ ပဲခူးသို့ သွားမည့် ပဲခူးဟိုင်းလပ်ယာဉ်မှာ မောင်းနှင်လာစဉ် ထောက်ကြန့် မြို့ ရှောင်လမ်းထိပ်အရောက် တိုက်ရော့ပြုတ်ထွက်ခဲ့ပြီး တစ်ဖက်ယာဉ်ကြောမှ လာသည့် ပဲခူး၊ ညောင်လေးပင် မီနီဘတ်စ်ယာဉ်အား  ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့  တိုက်မိသဖြင့် ယာဉ်တိမ်းမှောက်သွားခဲ့ကာ ဟိုင်းလပ်ယာဉ်ပေါ်ပါရှိသည့် အမျိုးသား ၄ ဦးမှာ အခင်းဖြစ် ပွားနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပြီး မီနီဘတ်စ်ပေါ်လိုက်ပါခဲ့သည့် အသက် ၈ နှစ်အရွယ် မိန်းကလေးမှာ အင်းစိန် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

ကျန်အမျိုးသား တစ်ဦးမှာ အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ထပ်မံသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly