ယခုနှစ်ဘက်ဂျက်တွင် တစ်နိုင်ငံလုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦ အလုံးရှစ်ဆယ်ကျော် တည်ဆောက်မည်

ယခုနှစ်ဘက်ဂျက်တွင် တစ်နိုင်ငံလုံး မုန်တိုင်းဒဏ်ခံ အဆောက်အဦ အလုံးရှစ်ဆယ်ကျော် တည်ဆောက်မည်

နေပြည်တော်၊ ဧပြီ၁၀ ။                    ။ အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေထဲမှ ယခုနှစ်တွင် တစ်နိုင်ငံလုံးတွင် မုန်တိုင်း ဒဏ်ခံ အဆောက်အဦ အလုံးရှစ်ဆယ်ကျော် တည်ဆောက်ပေးသွားမည်ဟု   ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြတ်မိုးသွင်က ပြောကြားသည်။

“ဒီအစိုးရလက်ထက်မှာ အကြီးစား ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တာပေါ့။ ဒါဆိုင်ကလုန်းရှဲတာတွေ ဆောက်ပေးဖို့။ ဒါဆိုင်ကလုန်းရှဲတာရဲ့ ထိရောက်မှုကို မြှင့်တင်ဖို့ ဆိုပြီးတော့လည်း ဒါဘေးဖြစ်ချိန်မှာလည်း ရှဲတာ အဖြစ်နဲ့သုံးမယ်။သာမန် အချိန်တွေမှာ စာသင်ကျောင်း ၊ ဒါမှ မဟုတ်လို့ရှိရင် သူတို့ရဲ့ လူမှုရေး သာရေး၊ နာရေး ကိစ္စတွေသုံးနိုင်ဖို့ အတွက်ကို Communication Shelterတွေ ဒါမှမဟုတ်လို့ရှိရင် Multipurpose Shelter တွေ ဒါတွေကို အဓိက ဦးစားပေးပြီး ဆောက်ပေးမှာပါ”ဟု ၄င်းကပြောကြားသည်။

ထို အလုံးရှစ်ဆယ်ကျော်ထဲမှ ဧရာဝတီတိုင်း ဒေသကြီးတွင် အလုံး ငါးဆယ်ကျော် တည်ဆောက်ပေးမည့်အပြင် ၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်ကဲ့သို့ သဘာဝဘေးအန္တာရာယ် အဖြစ် မြေပြိုမှုဘေး အန္တာရာယ်ကျရောက်ချိန်မျိုးတွင် အသုံးပြုနိုင်ရန် တည်ဆောက်ပေးသွားမည်ဖြစ်သည် ဟု ၄င်းက ဆက်လက်ပြောကြားသည်။
ယနေ့ ဧပြီလ ၁၀ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Hilton ဟိုတယ်တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံပြည်သူလူထု သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေရေး အမျိုးသားအဆင့် မူဘောင်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း  ညှိနှိုင်းအလုပ်ရုံဆွေးနွေးပွဲ တွင် ခေတ္တရပ်နားချိန်တွင် မီဒီယာများကို ပြောကြားခဲခြင်းဖြစ်သည်။

ဧရာဝတီတိုင်းတွင် နောက်ထပ် မုန်တိုင်းဒဏ်ခံ အဆောက်အဦး ၅၇ လုံးထပ်ဆောက်ပေးခြင်းသည် နိုင်ငံတော်၏ စီမံကိန်းအရ လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ရုတ်တရက်   ရေလွှမ်းမိုးမှုဖြစ်ပေါ်ပါက   ရေလွှမ်းမိုးမှုကိုကာကွယ်နိုင်မည်ဖြစ်ကြောင်း သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

“အဲ့တော့ နာဂစ်မတိုင်ခင်က ကျွန်တေ်ာတို့ လမ်းတွေ မရှိတဲ့  အခါကျတော့ ပြည်သူ တွေရဲ့ အသက်တာဆုံးရှုံးသွားတာလေ။ အဲ့တော့ ဆိုင်ကလုန်းရှယ်လ်တာ တစ်ခုနဲ့တစ်ခုကို သွားတဲ့ အခါ ကားလမ်းသွားလို့လည်းရတယ်။ ရေလမ်းသွားလို့လည်းရတယ်။ အဲ့တော့ ရေလမ်းနဲ့သွားမယ်ဆိုရင် သုံးနာရီဆိုရင် အချိန်မရဘူး။ ရုတ်တရက် ရေကြီးမယ်ဆိုရင် အဲ့တော့ သူ့အနီးအပါးမှာရှိတဲ့ လုပ်ငန်းလိုအပ်ချက်အရ ဆိုင်ကလုန်းရှယ်လ်တာနောက်ထပ် ၅၇ လုံးကို  အဲ့တာသည် လုပ်နေတယ်” ဟု ဦးသန်းထွဋ်ဆွေက ပြောကြားသည်။

ယခုဆောက်လုပ်မည့် အဆိုပါ မုန်တိုင်း ဒဏ်ခံ အဆောက်အဦးများထဲတွင်နိုင်ငံတကာ တွင် ဆောက်လုပ်ထားသည့် အဆောက်အဦးများနှင့် ညီအောင်  စားနပ်ရိက္ခာသိုလှောင်ခန်း ၊ သောက်သုံးရေ နှင့် လျှပ်စစ်မီးများပါ တစ်ပါတည်းပါနိုင်အောင် ဆောက်လုပ်ရန် ရှိကြောင်း ဒေါ်မြတ်မိုးသွင်က ပြောကြားသည်။

အဆိုပါ Shelter များကို “ဒေသရဲ့ လူဦးရေပေါ်မူတည်ပြီးတော့မှ သူ့ရဲ့ Cover Range (အဖုံးအကွာအဝေး) ကဥပမာထားပါတော့ ဒီနားမှာရှိတဲ့ ကျေးရွာ ငါးရွာလောက်ကို Cover Range ဖြစ်မယ်ဆိုလို့ရှိရင်  အဲ့ကျေးရွာငါးရွာ မှာ ရှိတဲ့ လူဦးရေ ကို ခန့်မှန်းပြိး အချိုးချပြီးတော့မှ ပြန်ဆောက်တာဖြစ်ပါတယ်။ အရွယ်အစားကတော့ မတူပါဘူး”ဟု ၄င်းကပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly