"ကူကီးမျိုးနွယ်စုတို့၏ ၄၈ ကြိမ်မြောက် နွေရာသီ လူငယ်အားကစားပြိုင်ပွဲနှင့်ရိုးရာအကပွဲတော်ကျင်းပ"

"ကူကီးမျိုးနွယ်စုတို့၏ ၄၈ ကြိမ်မြောက် နွေရာသီ လူငယ်အားကစားပြိုင်ပွဲနှင့်ရိုးရာအကပွဲတော်ကျင်းပ"
(ဓါတ်ပုံ၊လွန်ခိုဆေး)

ကူကီးမျိုးနွယ်စုတို့၏ ၄၈ ကြိမ်မြောက် နွေရာသီ လူငယ်အားကစားပြိုင်ပွဲနှင့်ရိုးရာအကပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ်၊ဝက်ရှုကျေးရွာ အားကစားကွင်းတွင် ဧပြီလ ၁၀ ရက်၊နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုလွန်ခိုဆေးကပြောသည်။

လူငယ်အားကစားပြိုင်ပွဲနှင့်ရိုးရာ အကပွဲတော်ကို နှစ်နှစ်တစ်ကြိမ် စစ်ကိုင်းတိုင်းဒေသကြီး၊ကလေး၊တမူး ဟုမ္မလင်း၊လေရှီးနှင့်ခန္တီးမြို့နယ်တို့တွင် နေထိုင်ကြသည့် ကူကီးမျိုးနွယ်စုတို့က စုပေါင်းပြုလုပ်ကြခြင်းဖြစ်သည်။

"ဒီပွဲဟာဆိုရင်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေး၊တမူး၊ဟုမ္မလင်း၊လေရှီးနဲ့ခန္တီး စတဲ့မြို့နယ်တွေမှာနေထိုင်ကြတဲ့ ကျတော်တို့ လူမျိူးစုတွေရဲ့ အားကစားနှင့် ရိုးရာပွဲဖြစ်ပါတယ်။

အားကစားတစ်ခုတည်းမဟုတ်ပဲ မိမိတို့ရဲ့ရိုးရာအမွေအနှစ်် အကတွေကိုထိန်းသိမ်းလာနိုင်စေရန်နဲ့ဖော်ထုတ်ပြသဖို့ရည်ရွယ်တာလည်းဖြစ်ပါတယ်။ နိုင်ငံရေး ဘာသာရေးဂိုဏ်းဂဏတွေနဲ့အခြေမခံပဲ လွတ်လပ်စွာ ပူးပေါင်းပြီးအတူတကွ ပါဝင်ရတဲ့ပွဲဖြစ်တာကြောင့် မိမိတို့လူငယ်တွေကြား စည်းလုံးမှုတွေ ချစ်ခင်ရင်းနီးမှုတွေ ပိုမိုရှိလာစေပါတယ်။ ဒါဒီပွဲရဲ့အနှစ်သာရလို့ ပြောရမှာပါဗျ"ဟု ကိုလွန်ခိုဆေးကပြောသည်။

နေ့ပိုင်းတွင်ဘောလုံး၊ဘော်လီဘော၊ခြင်းလုံး စသည့်အားကစားများယှဉ်ပြိုင်ကြမှာဖြစ်ပြီး ညပိုင်းတွင် ရိုးရာအမွေအနှစ်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများပြုလုပ်သွားမည်ဖြစ်သည်။

"လူမျိူးစုအတွင်း နာမည်ကိစ္စနဲ့ မပြေလည်သေးတော့ ကူကီး(ခေါင်ဆိုင်)လို့မပြောချင်သေးတာပါဗျ ။

ဒါကြောင့် ၁၃၅မှာ ခေါင်ဆိုင်/ ထာဒို /ဂွေးသဲ လို့ခေါ်တဲ့ ကူကီးမျိူးနွယ်စုအားလုံးပါဝင်တဲ့ ပွဲကြီးလို့ခေါ်ရမှာပါဗျ "ဟု ကိုလွန်ခိုဆေးကပြောသည်။

ဖွင့်ပွဲအခမ်းအနားသို့ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly