မြို့နယ်အလိုက် သင်္ကြန်မဏ္ဍပ်ထွက်ရန် ရန်ကုန်အစိုးရညွှန်ကြားထား

မြို့နယ်အလိုက် သင်္ကြန်မဏ္ဍပ်ထွက်ရန် ရန်ကုန်အစိုးရညွှန်ကြားထား
ဓာတ်ပုံ - သူရ

 

ရန်ကုန်၊ ဧပြီ ၁၀ ။                       ။ ၁၃၇၉ခုနှစ် ရန်ကုန်သင်္ကြန်အတွက် မြို့နယ်တစ်ခုချင်းစီအလိုက် မဏ္ဍပ်မဖြစ်မနေတည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှညွှန်​ကြားထားကြာင်း   ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက ပြောပြသည်။

ရန်ကုန်မြို့တော်သင်္ကြန်ကို ပိုမိုစည်ကားစေရန်ရည်ရွယ်ကာ ဌာနဆိုင်ရာများနှင့်ပူးပေါင်းလုပ်ဆောင်စေခြင်းဖြစ်သည်ဟု ဆိုသည်။

"မြို့နယ်တစ်ခုချင်းစီကနေ မဏ္ဍပ်လုပ်ဖို့အတွက် အစိုးရအဖွဲ့ကတော့ ညွှန်ကြားတာပေါ့နော်၊ ထွေအုပ်တို့့ ဌာနဆိုင်ရာတို့ ပူးပေါင်းပြီးလုပ်ဖို့အတွက်ကိုပြောတာ"ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက ပြောသည်။

 ယခုနှစ်သင်္ကြန်တွင် ယခင်နှစ်ကနှင့်မတူဘဲ မြို့နယ်အလိုက်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပါ၀င်လာပြီး မဏ္ဍပ်များနည်းတူ လမ်းလျှောက်သင်္ကြန်ကို မှတ်ပုံတင်ထားရသည်။

မြို့နယ်အလိုက်ဌာနဆိုင်ရာမှ မဏ္ဍပ်စုစုပေါင်း ၃၇ခု လည်း ယခုနှစ် သင်္ကြန်တွင် ပါ၀င်လာမည်ဖြစ်သည်။

"အရင်နှစ်ကဆိုလို့ရှိရင် မြို့နယ်အလိုက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မဏ္ဍပ်တွေမထွက်ဘူး။ ဒီနှစ်မှာမြို့နယ်အလိုက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးအစီစဉ်နဲ့ကို တစ်မြို့နယ်ကို မဏ္ဍပ်တစ်ခုမဖြစ်မနေထွက်ရမယ်ဆိုပြီးတော့ ထွက်လာတာ ။ ဒီနှစ်ကမဏ္ဍပ်အရေအတွက်ပိုများလာတာပေါ့"ဟု စည်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာနမှ ဌာနစုမှူး ဦးသန်းဟုတ်က ပြောသည်။

ရန်ကုန်မြို့သင်္ကြန်အတွက် မဏ္ဍပ်အကြီး၊ အလတ်၊ ဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်များကို မှတ်ပုံတင်နိုင်ရန် စည်ပင်သာယာရေးကော်မတီမှ စုစုပေါင်း ၉၅ နေရာ ပေးရန် လျာထားသည်။

သို့သော်လည်း မဏ္ဍပ်အကြီး လျှောက်ထားမှု အခု ၃၀၊ မဏ္ဍပ်အလတ်အတွက် ၂၅ ခု၊ လမ်းလျှောက်သင်္ကြန် ၄ခု လာရောက်လျှောက်ထားခဲ့ကြသည်။

၄င်းတို့ထဲမှ မဏ္ဍပ်အကြီး ၁၈ခု၊ မဏ္ဍပ်အလတ် ၁၃ခု၊ လမ်းလျှောက်သင်္ကြန် ၄ခုနှင့် ဌာနဆိုင်ရာမဏ္ဍပ် ၃၇ခု စုစုပေါင်း ရ၂ နေရာကို ခွင့်ပြုပေးပြီး ရန်ကုန်သင်္ကြန်တွင်ပါ၀င်ကျင်းပမည်ဖြစ်သည်။

ယခင်နှစ် ၁၃၇၈ခုနှစ် (၂၀၁၇ခုနှစ်) သင်္ကြန်တွင် ရန်ကုန်မြို့၌ မဏ္ဍပ်ကြီး ၁၁ခု၊ မဏ္ဍပ်အလတ် ရခု၊ မဏ္ဍပ်အသေး ၈၃ခုတို့ ပါ၀င်ကျင်းပခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly