အစိုးရဆေးရုံ၌ ဆေးများပို၍ သက်တမ်းကုန်ခြင်းများပင်ရှိဟု ကျန်းမာရေးဝန်ကြီး ဆို

အစိုးရဆေးရုံ၌ ဆေးများပို၍ သက်တမ်းကုန်ခြင်းများပင်ရှိဟု ကျန်းမာရေးဝန်ကြီး ဆို
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

 

ရန်ကုန်  ၊ ဧပြီလ ၁၀ ။                      ။ အစိုးရဆေးရုံများတွင် ဆေးဝါးများ အလွယ်တကူမရရှိဟု ဆိုသည့်အချက်မှာ မဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာမြင့်ထွေးပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောဆိုလိုက်ခြင်းဖြစ်သည်။

"တော်တော်များများရတယ်၊ မရဘူးဆိုတာ နည်းနည်းရှားပါးတဲ့  ကင်ဆာရောဂါဖြစ်တဲ့ဆေး အဲ့ဒါပဲ။ ဓါတ်ခွဲခန်းတွေမှာ အားလုံးနီးပါးကို အလကားပေးပါတယ်။လုံးဝ ပိုက်ဆံမယူပါဘူး။   နောက်ဆုံးပေါ်ဖြစ်တဲ့ MRI တို့လောက်ပဲ ပိုက်ဆံယူပါတယ်" ဟု ဒေါက်တာမြင့်ထွေးက ဆိုသည်။

ဆေးဝါးမရရှိခြင်းသည် မဖြစ်နိုင်ကြောင်း ၊ ဆေးဝါးများ ၀ယ်ယူရန် ယခုနှစ်အတွင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ဘဏ္ဍာငွေ တော်တော်များများ အသုံးပြုထားပြီး တစ်ချို့ဆေးဝါးများသည် အသုံးပြုရမည့်ရက် ကျော်လွန်သွားခြင်းများပင်ရှိသည်ဟု ၄င်းက ပြောဆိုခဲ့သည်။

ပြည်ထောင်စုဝန်ကြီး၏ ပြောဆိုချက်တွင် ဆေးဝါးများ ပိုလျှံနေသည်ဟု ပါရှိခြင်းကြောင့် အစိုးရက ချထားပေးသည့် ဆေးဝါးများကို စနစ်တကျ သုံးစွဲခြင်းရှိမရှိ ပြန်လည် စစ်ဆေးရန် လိုအပ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

"ဗဟိုကပေးတဲ့ဆေးတွေကို တိုင်းက ဆေးရုံတွေမှာ သေသေချာချာသုံးရဲ့လားဆိုတာတော့ ပြန်ကြည့်ဖို့ လိုပါတယ်။ ဗဟိုကတော့ ချပေးတာ ဆေးတွေက လုံလုံလောက်လောက်တင် မဟုတ်ဘူး။ များလွန်းလို့တောင်မှ ရက်လွန်သွားတာတွေရှိတယ်ဆိုတော့ ဒီဆေးတွေဟာ တကယ်ပဲ ဆေးရုံတိုင်း ဆေးရုံတိုင်းမှာ လိုအပ်တဲ့ပြည်သူတွေဆီ ရောက်ရဲ့လားဆိုတာ တိုင်းဒေသကြီးနဲ့   ပြည်နယ်အစိုးရတွေက ကြည့်ဖို့ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောစကားအပေါ် ပြန်လည်မှတ်ချက်ပြုပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly