မြန်မာနေရှင်နယ်လိဂ် လုပ်ပွဲအခြေအနေ

မြန်မာနေရှင်နယ်လိဂ် လုပ်ပွဲအခြေအနေ

မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်အချို့မှာ လုပ်ပွဲသံသယရှိကြောင်းနဲ့ အဲဒီပွဲစဉ်အချို့ကို ပြန်စစ်ဆေးပေးစေချင်တယ်လို့ အာရှဘောလုံး အဖွဲ့ချုပ်က မြန်မာဘောလုံးအဖွဲ့ချုပ်ထံ အကြောင်းကြားလာခဲ့ပါတယ်။

ဒါကြောင့် မြန်မာဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ၊ မြန်မာနေရှင်နယ်လိဂ်က တာဝန်ရှိသူတွေနဲ့ ကလပ်အသင်းတွေက တာဝန်ရှိသူတွေဟာ ဒီကနေ့ ဧပြီ ၁၀ ရက် နေ့မှာ အရေးပေါ် တံခါးပိတ်အစည်းအဝေးပြုလုပ်ခဲ့ရပါတယ်။

ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးကတော့ အာရှဘောလုံးအဖွဲ့ချုပ်က အဖွဲ့ဝင်နိုင်ငံတွေကို အကြောင်းကြားလေ့ရှိတဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ်ဟာ လိဂ်တွေကို စောင့်ကြည့်နေပြီး မသင်္ကာစရာ အချက်အလက်တွေ့တဲ့အခါ အကြောင်းကြားလေ့ရှိပြီး သက်ဆိုင်ရာလိဂ်တွေကလည်း အဲဒီပွဲတွေကို ပြန်လည်စစ်ဆေးသုံးသပ်ပေးရလေ့ရှိတယ်လို့ သိရပါတယ်။

ဘောလုံးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကတော့ အွန်လိုင်းလောင်းကစားမှုတွေမှာ သံသယဖြစ်ရာ အချက်အလက်တွေ တွေ့တဲ့အခါ အာရှဘောလုံးအဖွဲ့ချုပ်ဆီ report ပြန်ရောက်ပြီး အာရှဘောလုံးအဖွဲ့ချုပ်ကလည်း သက်ဆိုင်ရာလိဂ်တွေကို အကြောင်း ကြားလေ့ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ပွဲတွေကို အွန်လိုင်းကနေ လောင်းကစားပြုလုပ်လို့ရတယ်လို့လည်း သိရပါတယ်။

၂၀၁၆ ခုနှစ်တုန်းကလည်း မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲကို လုပ်ပွဲသံသယကင်းရှင်းအောင် မြန်မာဘောလုံးအဖွဲ့ချုပ်က အထူးစုံစမ်းကော်မရှင်ဖွဲ့ပြီး ပြန်လည် စစ်ဆေးပေးခဲ့ရဖူးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly