သင်္ကြန်ကျခြင်း သို့မဟုတ် အလေးအနက် ဆင်ခြင်သုံးသပ်ရမည့် အချိန် ရောက်ရှိခြင်း

သင်္ကြန်ကျခြင်း သို့မဟုတ် အလေးအနက် ဆင်ခြင်သုံးသပ်ရမည့် အချိန် ရောက်ရှိခြင်း
ဓာတ်ပုံ - သူရ/မဇ္ဈိမ

 

နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ်ကို တက်လှမ်းပြောင်းလဲခြင်း ဆိုသည့် သင်္ကြန်ကာလ ယခု တစ်ဖန် ကျရောက်လာပြန်ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် အတာရေ ပက်ဖျန်းပြီး လာမည့် နှစ်သစ်ကို ကြိုဆိုရမည့်အချိန် ရောက်လို့လာပြီဖြစ်သည်။ သင်္ကြန် ဆိုသည်မှာ နှစ်ဟောင်း ကုန်ဆုံး၍ နှစ်သစ် စတင်ခြင်း အထိမ်းအမှတ်အဖြစ် ကျွနု်ပ်တို့ အားလုံး ပျော်ပါးရွှင်မြူးကြရသည့် အချိန်ကာလလည်း ဖြစ်ပေသည်။ ယခုအချိန်သည် ပျော်ရွှင်ကြရမည့် အချိန် ဖြစ်သည်။ အလားတူ ယခုလို နှစ်သစ်ကို ကူးပြောင်းမှု အခါသမယဆိုက်ရောက်လာခြင်းသည် အလေးအနက် ဆင်ခြင်သုံးသပ်ရမည့်အချိန်ကာလတစ်ခု ရောက်လာခြင်း ဖြစ်သည် ဆိုပြီးတော့လည်း အချို့က ပြောကောင်းပြောနိုင်ပေသည်။ အမှန်စင်စစ်အားဖြင့် ကျွနု်ပ်တို့အနေဖြင့် ကုန်လွန်သွားခဲ့သည့် နှစ်ဟောင်းကို ပြန်ပြောင်းလှည့်ကြည့်ပြီး ရှေ့တွင် ရောက်ရှိလာတော့မည့် နှစ်သစ်အတွက် ကြိုတင်ပြင်ဆင်သွားကြရမည်ဖြစ်သည်။

ဗုဒ္ဓဘာသာ သင်္ကြန် ရေကစားခြင်း ပွဲတော်ကို အိမ်နီးချင်း ထေရဝါဒ ဗုဒ္ဓဘာသာဝင် နိုင်ငံများတွင်လည်း ကျင်းပကြသည်။ ထိုင်းတွင် ဆောင်ခရန် ၊ လာအိုတွင်  ပီးမိုင် ၊ ကမ္ဘောဒီးယားတွင် ချိုချနန်သမေး တို့ကို ကျင်းပကြသည်။ သမိုင်းအစဉ်အလာအားဖြင့်လည်း သင်္ကြန်ကာလ ရေပက်ဖျန်းခြင်း ဆိုသည်မှာ နှစ်ဟောင်းက မကောင်းသည့် ကံ၊ မကောင်းသည့် အပြစ်များကို ဆေးကြောခြင်းအဖြစ် ရည်ညွှန်းခေါ်ဆိုကြသည်။ ဗမာနှစ်ဆန်းတစ်ရက်နေ့ ရောက်လျင်မူ ရေပက်ခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။ မြန်မာ့ ရိုးရာ အစဉ်အလာအားဖြင့် နောက်ဆုံးနေ့တွင် ကောင်းမှု ကုသိုလ်ပြုသည့်အနေဖြင့် ငါးနှင့် ငှက်များကို ဘေးမဲ့လွှတ်ပေးခြင်းတို့ကို ပြုလုပ်ကြသည်။ သံဃာတော်များကိုလည်း ဆွမ်းကမ်းလှူဒါန်းမှုများလည်း ပြုကြသည်။

ပြီးခဲ့သည့် ၁၂ လတာကို ပြန်ပြောင်းကြည့်မည်ဆိုပါလျင် နိုင်ငံတွင် အတော်အတန်ပင် ၀ရုန်းသုန်းကား ဆန်သည့် အခြေအနေများ ပေါ်ပေါက်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ တိုင်းရင်းသား ပြည်နယ်များတွင် ပဋိပက္ခ စစ်ပွဲများ ဆက်ရှိနေခဲ့သကဲ့သို့ တစ်ချိန်တည်းမှာပင် ရခိုင်ပြည်နယ်က အခြေအနေသည်လည်း ဆက်လက်၍ ဖိစီးတင်းမာမှုများ ရှိနေခဲ့သည်။ ဂျာနယ်လစ် အချို့လည်း ၎င်းတို့၏ မိသားစုများနှင့် ကွဲကွာလျက် အကျဉ်းထောင်များအတွင်းနေခဲ့ကြရသည်ကို တွေ့ရမည်ဖြစ်သည်။ မကြာသေးသည့် ကာလတစ်ခုအတွင်းမှာပင် ကိုယ်တွေ့အဖြစ်အပျက်များကို ဖွင့်ဟထုတ်ပြောမှုဖြင့် ကလေးစစ်သားဟောင်း အောင်ကိုထွေးသည်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြန်သေးသည်။

ဒီမိုကရေစီ အသွင်းကူးပြောင်းမှု ခေတ်သစ်တစ်ခုကို လှစ်ဟပြသနိုင်ရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံတွင် နိုင်ငံ၏ ပုံရိပ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်တို့သည်လည်း နိုင်ငံတကာစင်မြင့်ထက်တွင် အောက်သို့ ထိုးစိုက်ကျဆင်းထားခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ဒီမိုကရေစီ အသွင်းကူးပြောင်းမှု များတွင်ပင် များစွာသော လိုအပ်ချက်များလည်း ရှိနေလျက်ရှိသည်။

ယခုကဲ့သို့ အာလုံး ပျော်ရွှင်စွာ ဆင်နွှဲရမည့် သင်္ကြန်ကာလ ရောက်လာသည့် အခါသမယတွင် နိုင်ငံသားအားလုံးအနေဖြင့် ယခု သင်္ကြန်ကာလကို ပျော်ရွှင်မြူးထူးနိုင်မည့် အခွင့်အလမ်းတစ်ခု သက်သက်အဖြစ် ခပ်ပေါ့ပေါ့ မတွေးမိရန် အရေးကြီးလှသည်။ အားလုံးအနေဖြင့် လာမည့် နှစ်သစ်ကို ပိုမိုကောင်းမွန်သည့် နှစ်သစ်တစ်နှစ် ဖြစ်ရမည်ဆိုသည့် မျှော်လင့်ချက်၊ အပြုဆောင်စိတ်တို့ဖြင့် ပွေ့ဖက်ကြိုဆိုမိရန် အရေးကြီးလှသည်။ နှစ်သစ်ကို ကြိုဆိုသည့် ပျော်ရွှင်ကြည်နူးစရာအခိုက်အတန့်တွင် ပျော်ရွှင်မှုများကို အတူတကွ မျှဝေခြင်းမပြုနိုင်သူများနှင့်ပတ်သက်၍ အလေးအနက် ဆင်ခြင်သုံးသပ်ရန် အချိန်အနည်းငယ် ယူကောင်းယူရနိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly