ထောက်ကြန့်တွင် မီနီဘတ်စ်နှင့် ဟိုင်းလပ်ကား တိုက်မိ၊ ၈ နှစ်အရွယ်မိန်းကလေး အပါအဝင် ၅ ဦးသေဆုံး

ထောက်ကြန့်တွင် မီနီဘတ်စ်နှင့် ဟိုင်းလပ်ကား တိုက်မိ၊ ၈ နှစ်အရွယ်မိန်းကလေး အပါအဝင် ၅ ဦးသေဆုံး
ဓာတ်ပုံ - ကိုလတ်ကြီး၊ကျော်မင်း

 

ရန်ကုန်၊ ဧပြီလ ၁ဝ ။             ။ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ မြို့ရှောင် လမ်းထိပ်တွင် မီနီဘတ်စ်ယာဉ်နှင့် ဟိုင်းလပ်ယာဉ်တို့ တိုက်မှုဖြစ်ပွားခဲ့ပြီး ၈ နှစ်အရွယ်မိန်းကလေးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း  သွားရောက်ကူညီပေးခဲ့သည့် ထောက်ကြန့်မြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယင်းယာဉ်တိုက်မှုမှာ ယနေ့ ဧပြီလ ၁ဝ ရက်၊ နံနက် ရ နာရီ၊ ၄ဝ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 ထောက်ကြန့်မှ ပဲခူးသို့ သွားမည့် ပဲခူးဟိုင်းလပ်ယာဉ်မှာ မောင်းနှင်လာစဉ် ထောက်ကြန့်မြို့ ရှောင်လမ်းထိပ် အရောက် တိုက်ရော့ပြုတ်ထွက်ခဲ့ပြီး တစ်ဖက်ယာဉ်ကြောမှ လာသည့် ပဲခူး၊ ညောင်လေးပင် မီနီဘတ်စ်ယာဉ်နှင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုသို့  တိုက်မိသဖြင့် ယာဉ်တိမ်းမှောက်သွားခဲ့ကာ ဟိုင်းလပ်ယာဉ်ပေါ်ပါရှိသည့် အမျိုးသား ၄ ဦးမှာ အခင်းဖြစ် ပွားနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပြီး မီနီဘတ်စ်ပေါ်လိုက်ပါခဲ့သည့် အသက် ၈ နှစ်အရွယ် မိန်းကလေးမှာ အင်းစိန် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

“အသက် ၈နှစ်အရွယ် မိန်းကလေးအပါအဝင်ဆိုရင် စုစုပေါင်း သေဆုံးတဲ့သူက ၅ ဦးရှိပြီးတော့ ဒဏ်ရာရရှိသူ ကတော့ ၁၇ ဦးပေါ့။ အဲ့ဒီဒဏ်ရာရရှိသူ ၁၇ ဦးကို အင်းစိန်ဆေးရုံကို ကျွန်တော်တို့ မြို့နယ်မီးသတ်တပ်ဖွဲ့ရယ်၊ လူမှုကူညီရေးအသင်းအဖွဲ့တွေရယ်၊ ကြက်ခြေနီတပ်ဖွဲ့တွေရယ် စုပေါင်းပြီး အားလုံးကို အင်းစိန်ဆေးရုံကို ပို့တာ ပေါ့နော်။ ရုပ်အလောင်းတွေကိုရော အင်းစိန်ဆေးရုံကို ပို့လိုက်ပါတယ်”ဟု သွားရောက်ကူညီပေးခဲ့သည့် ထောက်ကြန့်မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ အတည်ပြုပြောသည်။

လက်ရှိတွင် အဆိုပါ ယာဉ်တိုက်မှုမှ ယာဉ်မောင်းနှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေပြီး ရဲတပ်ဖွဲ့နှင့် ယာဉ်မှူးစစ် အဖွဲ့မှ ရှာဖွေစုံစမ်းနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly