လွှတ်တော်ရပ်နားထားသည် ဆိုသော်လည်း လိုအပ်လျှင် အစည်းအဝေးများ ခေါ်ယူရမည်ဟု သူရ ဦးရွှေမန်းပြော

လွှတ်တော်ရပ်နားထားသည် ဆိုသော်လည်း လိုအပ်လျှင် အစည်းအဝေးများ ခေါ်ယူရမည်ဟု သူရ ဦးရွှေမန်းပြော

လွှတ်တော် ရပ်နားထားသည့် ကာလအတွင်း ပေါ်ပေါက်လာမည့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းအခြေအနေ အပေါ်မူတည်၍ လိုအပ်လျှင် အစည်းအဝေးများ ထပ်မံယူခေါ်ယူကျင်းပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောသည်။

ပြည်ထောင်စု လွှတ်တော် နာယက က ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံ မှန် အစည်းအဝေး ရပ်နားမည့် နောက်ဆုံးနေ့ သြဂုတ် ၂၈ရက် တွင် ပြောကြားခြင်းဖြစ်ပြီး "လွှတ်တော်ရပ် နားထားပေမယ့် လိုအပ်လျှင် ပုံမှန်အစည်းအဝေးဖြစ်စေ၊ အထူးအစည်း အဝေးဖြစ်စေ၊ အရေးပေါ် အစည်းအဝေးဖြစ်စေ ထပ်မံခေါ်ယူကျင်းပပေးရဦးမှာဖြစ်ပါတယ်" ဟု ပြောသည်။

ပထမအကြိမ် ကျင်းပခဲ့ကြသည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များ၏ သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်။

ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၏ (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝးကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လ(၁၉) ရက်တွင် စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ သြဂုတ် (၂၈)ရက်သည် ပြည်ထောင်စုလွှတ်တော်၏ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ (၈၃) ရက်မြောက် ကျင်းပပြီးစီးခဲ့သည့် နေ့ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်၏ (၁၂) ကြိမ်မြောက်အစည်းအဝေးသည် ကာလအားဖြင့် ခုနှစ်လကျော်၊ ရက်ပေါင်း (၂၂၂) ရက် ဖြစ်သော်လည်း အစည်းအဝေးကျင်းပသည့် ရက်အနေဖြင့် (၈၃) ရက်သာရှိကြောင်းနှင့် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အခန်း (၁၂) ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅တို့နှင့်အညီ လွတ်တော်အတွင်း ဆွေးနွေးမှု၊ ဆန္ဒမဲပေးဆုံးဖြတ်ဆောင်ရွက်မှုများကို စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟုလည်း သူရဦးရွှေမန်းက ပြောသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တာ် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ဥပဒေပေါင်း ၅၂ ခု အတည်ပြု ပြဌာန်းနိုင်ခဲ့သည့်အတွက် ပထမအကြိမ် လွှတ်တော်များ စတင်သည့် ၂၀၁၁ ခုနှစ်မှ ယနေ့အထိ အတည်ပြုပြဌာန်းပြီး ဥပဒေ စုစုပေါင်း ၁၈၅ ခုရှိပြီဖြစ်ကြောင်းလည်း ဦးရွှမန်းပြောသည်။

ယင်းအပြင် ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ထုတ်ပြန်နိုင်ရန်အတွက် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပေဒကြမ်း၊ ၂၀၁၂ခုနှစ်ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း၊ မော်တော်ယာဉ် ဥပဒေကြမ်းနှင့် တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်း လေးခုကို ပေးပို့ထားကြောင်းလည်း ၎င်းက ပြောသည်။

ထို့ပြင် ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးဆောင်ရွက်ဆဲ ဥပဒေကြမ်းသုံးခုရှိသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly