ဆင်ထိန်းသိမ်းရေးစခန်း ၁၈ ခုတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဆောင်ရွက်မည်

ဆင်ထိန်းသိမ်းရေးစခန်း ၁၈ ခုတွင် သဘာဝအခြေခံခရီးသွားလုပ်ငန်း ဆောင်ရွက်မည်
မတ်လ ၂၈ ရက်က ဖွင့်လှစ်သော ပုဂံညောင်ဦးဒေသရှိ ပလင်းကမ်းသာယာဆင်စခန်းအားတွေ့မြင်ရစဉ်။ ဓာတ်ပုံ-ပြည့်ဖြိုးကျော်

 

ရန်ကုန်၊ ဧပြီ ၁၀ ။                               ။ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ကလော ဒေသများတွင်ရှိသော မြန်မာ့သစ်လုပ်ငန်း၏ ဆင်ထိန်းသိမ်းရေးစခန်း (၁၈)ခုကို ခရီးသွားကုမ္ပဏီများနှင့်ချိတ်ဆက်ကာ   ပြည်တွင်း၊ ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်စေရန် စီစဉ်နေကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၉ရက်နေ့က ရန်ကုန်မြို့ UMFCCI တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ  သဘာဝအခြေခံခရီးသွားလုပ်ငန်းတွင် ခရီးသွားများအနေဖြင့် ဆင်များကိုနို့တိုက်ခြင်း၊ ရေအတူချိုးခြင်း၊ ဆင်စီးခြင်း စသည့်တို့ကို ဆင်ထိန်းသိမ်းရေး စခန်းတစ်ခုချင်းစီတွင် သတ်မှတ်ထားသည့်အတိုင်း ပါ၀င်ဆောင်ရွက်နိုင်သည်ဟု သိရသည်။

"အခုကတော့လုပ်ငန်းရှင်တွေအသင်းကနေ ဘယ်လိုတွေလုပ်ချင်ပါတယ်ဆိုပြီးတော့ လုပ်ပေးဖို့ရည်ရွယ်ပြီးလာတာပါ ။ သူတို့ဘက်ကနေပြီးတော့ဘယ်လိုလုပ်ပေးပါ။ ဘယ်လိုလုပ်ပေးရင်တော့ပေါ့ ။ Tour လမ်းကြောင်းထဲပါဖို့ဆိုရင် အကြမ်းဖျဉ်းသိထားတာက ဒီစခန်းတစ်ခုက အနည်းဆုံးတစ်နှစ် ဖွင့်ဖူးရမယ်ပေါ့ ။ တစ်နှစ် ဖွင့်ပြီးတော့မှ လုပ်ငန်းရှင်တွေဘက်က ယုံကြည်မယ်။ ယုံကြည်လာတော့မှပဲ သူ့ရဲ့ Tour လမ်းကြောင်းထဲကိုထည့်မယ် ။ Tour လမ်းကြောင်းထဲကိုထည့်မှပဲ ဒီနိုင်ငံခြားသားဆိုတာလာမှာပေါ့ ။ အဲဒီအတွက်လုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်မယ် ။ ကျွန်တော်တို့က ဖွင့်တာဘယ်လောက်ရှိပြီ ။ ဒါကိုနောက်ဆိုရင်လည်းအမြဲတမ်းဖွင့်ထားမယ်ဆိုတာမျိုးရဖို့အတွက် စပြီးတော့ကြိုးစားတဲ့အဆင့်ပဲရှိပါသေးတယ်"ဟု သစ်ထုတ်ရေးဌာန၏ ဒုတိယအထွေထွေမန်နေဂျာ ဦးမျိုးမြင့်က ပြောသည်။

ဆင်စခန်းများမှာ ၁၉၉၃ ခုနှစ်မှ စတင်ဖွင့်လှစ်ထားသည့် သာယာဝတီရှိ မြိုင်ဟေဝန်စခန်းအပါအဝင် ၂၀၁၈ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နောက်ဆုံးဖွင့်လှစ်ခဲ့သော မန္တလေးတိုင်းဒေသကြီးရှိ ၀ါးနက်ဆင်စခန်းများလည်း ပါ၀င်နေကာ ဆင်ထိန်းသိမ်းရေးစခန်း ၁၈ ခုတွင် မြန်မာ့သစ်လုပ်ငန်းဌာနမှ ဆင်ကောင်ရေ ၂၀၅ ကောင် ရှိသည်။

ဆင်စခန်းများ၏ ၀င်ကြေးအနေဖြင့် ပြည်တွင်းခရီးသွားများကို ၁၀၀၀ ကျပ် ကောက်ခံနေပြီး ပြည်ပခရီးသွားများကို ၁၀၀၀၀ မှ ၂၀၀၀၀ ကျပ် အထိကောက်ခံရန် သတ်မှတ်ထားသည်။

ပြည်ပခရီးသွားများအပေါ် ကောက်ခံသည့်ဝင်ကြေးနှုန်းထားနှင့်ပတ်သတ်ပြီး လျှော့ချသင့်ကြောင်း ပွဲတက်ရောက်လာသည့် ခရီးသွားလုပ်ငန်းတချို့မှ အကြံပြုပြောဆိုသည်။

"အကြံပြုချင်တာကတော့ ဆင်စခန်းတွေမှာ နိုင်ငံခြားသားတွေလာဖို့ ပြည်တွင်းတွေလာလို့ရှိရင် facilities လေးတွေတော့ လိုအပ်ချက်ရှိတယ်လေ ။ အဲဒီလိုအပ်ချက်လေးတွေကို အမြန်ဆုံးဖြည့်ဆည်းပေးမယ်ဆိုရင်တော့ နောက်ပိုင်းတော့ဒီထက်ပိုကောင်းလာမှာပေါ့လေ ။ အခုအနေအထားက နိုင်ငံခြားသားအနေနဲ့ အဲဒီမှာနေဖို့၊ စားဖို့ကျတော့ အခက်အခဲလေးတွေ နည်းနည်းရှိတာပေါ့"ဟု Thousand Island Travel & Tours ကုမ္ပဏီလိမိတက်၏ Managing Director ဦးမင်းသိန်း က ပြောသည်။

လက်ရှိတွင် ဆင်တစ်ကောင်အတွက် ဆေးဝါးနှင့်အသုံးအဆောင်အတွက် ပစ္စည်းကုန်ကျစရိတ်မှာ နှစ်စဉ် ရ၄၇၃၅.၆၃ ကျပ် ရှိနေသည်။

ဆင်များကို မြန်မာ့သစ်လုပ်ငန်းတွင် သစ်ဆွဲခြင်း၊ သစ်အောင်းခြင်း၊ ရေလိုက်ခြင်းတို့အတွက် အသုံးပြုနေပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သစ်ထုတ်ရေးကို နိုင်ငံတော်၏လိုအပ်ချက်အရ ရပ်နားခဲ့ရသည်။ ၄င်းနောက် ၂၀၁၆ ခုနှစ်တွင် ဌာနပိုင်ဆင် (၃၀၇၈) ကောင်ကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရန် ဆွေးနွေးခဲ့ကြကာ ဆင်ထိန်းသိမ်းရေးအခြေပြုခရီးသွားလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly