ရာသီကုန်မှာ အက်သလက်တီကိုမက်ဒရစ်ကနေ ထွက်ခွာသွားတော့မယ့် ဖာနန်ဒိုတောရက်စ်

ရာသီကုန်မှာ အက်သလက်တီကိုမက်ဒရစ်ကနေ ထွက်ခွာသွားတော့မယ့် ဖာနန်ဒိုတောရက်စ်
(ဓာတ်ပုံ - အီးပီအေ)

ဖာနန်ဒိုတောရက်စ်က သူဟာ ဒီရာသီကုန်ဆုံးချိန်မှာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ ထွက်ခွာသွားတော့မှာဖြစ်တယ်လို့ တနင်္လာနေ့က အတည်ပြုပြောဆိုသွားခဲ့ပါတယ်။

အက်သလက်တီကို လူငယ်အကယ်ဒမီမှ ထင်ပေါ်ကျော်ကြားလာခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် စပိန်ကစားသမားက ဒီဆုံးဖြတ်ချက်မှာ ခက်ခဲခဲ့ကြောင်း ပြောပါတယ်။

“ကျနော် ဒီ(အက်သလက်တီကို)ကို ၁၀ နှစ်သားသာရှိသေးတဲ့ အရွယ်က ရောက်ရှိခဲ့ပါတယ်။ အက်သလက်တီကိုဟာ ကျနော့်အိမ်လို အမြဲဖြစ်နေမှာပါ။ ကျနော်အမြဲတမ်း ကစားနေဖို့ စိတ်ကူးခဲ့တဲ့ အက်သလက်တီကိုမှာ ပျော်ရွှင်နေပါတယ်။”လို့ သူက ပြောပါတယ်။

“ဒီကလပ်မှာ ကျနော့်ရဲ့ နောက်ဆုံးရာသီဖြစ်လာမှာပါ။ ဒါဟာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်အနေနဲ့ ပရိသတ်တွေကို ထုတ်ဖော်ပြောဆိုဖို့ ခံစားမိပါတယ်။”လို့ တောရက်စ်က ပြောဆိုခဲ့ပါတယ်။

သူဟာ နောက်ထပ် ၂ ကနေ ၅ နှစ်လောက် ဆက်ပြီး ကစားသွားဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ဒီမှာပဲ အနားယူ လိုက်ဖို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ နှုတ်ဆက်ပါတယ်ဆိုတဲ့ စကားကို ဒုတိယအကြိမ် ပြောဖို့ဆိုတာ တကယ် ခက်ခဲခဲ့ပါတယ်လို့ သူက ထည့်သွင်းပြောဆိုသွားပါတယ်။

တောရက်စ်ဟာ ၂၀၀၁-၂၀၀၇ ခုနှစ်ကြား အက်သလက်တီကိုအသင်းမှာ ၂၁၄ ပွဲကစားခဲ့ပြီး ၈၂ ဂိုးသွင်းယူခဲ့ပါတယ်။ အဲဒီနောက် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ၄ နှစ်အတွင်း ၁၀၂ ပွဲကစား ၆၅ ဂိုးသွင်းခဲ့ပြီး သူဟာ လီဗာပူးလ် ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်လာပါတယ်။

သူဟာ ၂၀၁၁ ခုနှစ်မှာတော့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ပေမယ့် အသင်းရဲ့ မျှော်လင့်ချက်ကို မဖြည့်တင်းနိုင်ဖြစ်ခဲ့ပြီး အေစီမီလန်အသင်းထံ အငှားနဲ့ နောက်ဆုံး ရောင်းချခံခဲ့ရပါတယ်။ အဲဒီကတစ်ဆင့် ၂၀၁၅ ခုနှစ်မှာ အက်လက်တီကိုအသင်းကို အငှားနဲ့ ပြန်လာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ အပြီးသတ်စာချုပ်ဖြင့် အက်သလက်ဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

တောရက်စ်က သူ့ရဲ့နောက်ဆုံးရာသီမှာ မက်ဒရစ်အသင်းနဲ့ ဆုဖလားတစ်ခု ဆွတ်ခူးဖို့ မျှော်လင့်မိတယ်လို့ ပြောပါတယ်။

အက်သလက်တီကိုဟာ လာလီဂါမှာ အဆင့် ၂ သို့ အဆင့် ၃ နဲ့ ရပ်တည်သွားဖို့ လမ်းကြောင်းမှာ ရှိနေပေမယ့် ယူရိုပါလိဂ်မှာတော့ ဆုဖလားဆွတ်ခူးဖို့ မျှော်လင့်ချက်ရှိနေပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly