မွေးရာပါနှလုံးရောဂါရှင် မြန်မာကလေးငယ်ကို အစ္စရေးပရဟိတအဖွဲ့အစည်းမှ ကုသပေးမည်

မွေးရာပါနှလုံးရောဂါရှင် မြန်မာကလေးငယ်ကို အစ္စရေးပရဟိတအဖွဲ့အစည်းမှ ကုသပေးမည်

ရန်ကုန် ဧပြီ ၉ ။            ။ အသက် ၄ နှစ်အရွယ်၊ မွေးရာပါနှလုံးရောဂါရှင် မဟန်နာဆိုင်းအိန်သည် လာမည့် ဧပြီလ ၁၅ ရက်နေ့တွင် အစ္စရေးသံအမတ်ကြီး၏ အကူအညီဖြင့် အစ္စရေးနိုင်ငံသို့ သွားရောက်ဆေးဝါးကုသခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးမှတဆင့် အစ္စရေးနိုင်ငံမှ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် SAVE A CHILD's Heart (SACH) အဖွဲ့မှ  ဆေးဝါးကုသ ပေးမည်ဖြစ်ပြီး မိသားစုအား နေ ၊ စား ၊ စရိတ် အပြီးအစီး ကုသခွင့်ရရှိမည်ဖြစ်သည်။

" သူ ဒီရောဂါဖြစ်နေတာ စသိတာ ၆ လသားအရွယ်က ရန်ကင်းကလေးဆေးရုံမှာ ပြတော့ မှ စသိရတာ၊ ဆေး ရုံတက်တုန်းကလည်း ဆေးကုသတဲ့ဒဏ်တွေကို သူ တော်တော်ခံစားရတယ်၊ ဒါကိုမြင်ရတော့ ကျွန်တော် တော် တော်စိတ်မကောင်းဖြစ်ခဲ့ရတယ်၊ နောက်ပြီး ၆ လပဲ ခံ မယ်လို့ သိလိုက်ရတယ်" ဟု ဖခင်ဖြစ်သူ ဦးလဆန်းက ပြောသည်။

မွေးရာပါနှလုံးရောဂါရှင် မဟန်နာဆိုင်းအိန်သည် ရောဂါ ဒဏ်ကြောင့် တစ်ခြားကလေးများကဲ့သို့ အပြင်ထွက် ကစား၍ မရဘဲ အိမ်တွင်းမှာပင် ဆော့ကစားခဲ့ရပြီး ၁ လ ၁ ကြိမ် ဆေးရုံတက်ရောက်ခဲ့သည်။

သမီးဖြစ်သူရောဂါအားဆေးဝါးကုနိုင်ရန် နိုင်ငံတကာ မှ NGO အဖွဲ့အစည်းများသို့ အီးမေးလ်များ ရာနှင့်ချီ ပေးပို့ လျှောက်ထားခဲ့ရသည်ဟု ဖခင်ဖြစ်သူ ဦးလဆန်းက ပြော သည်။

" ကျွန်တော်ကတော့ အကုန်လုံးကို လျှောက်တယ်၊ အီးမေးလ်ပို့တာပေါ့၊ ဝဘ်ဆိုက်တွေ ဝင်ကြည့်၊ အီးမေးလ် တွေယူပြီး လှမ်းပို့တာ၊ အခု ဒီအဖွဲ့အစည်းက လက်ခံသွားတာပေါ့၊ အခုကတော့ အရမ်းပျော်သွားတာပေါ့၊  ကျွန်တော်တို့ကို ကူညီတဲ့သူရောက်လာပြီဆိုတော့" ဟု ဖခင် ဖြစ်သူ ဦးလဆန်းက ပြောသည်။

မဟန်နာဆိုင်းအိန်သည် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်တွင် မိဘများနှင့်အတူ လတ်တလော ကျန်းမာစွာနေထိုင်လျှက်ရှိသည်။

အသက် ၄ နှစ်အရွယ်၊ မွေးရာပါနှလုံးရောဂါရှင် မဟန်နာဆိုင်းအိန်သည် မိဘ ၂ ပါးနှင့်အတူ အစ္စရေးနိုင်ငံရှိ အထူးဆေးရုံးကြီးတွင် ၃ လခန့်၊ နှလုံးခွဲစိပ်ကုသမှုခံယူ ရမည်ဖြစ်ပြီး၊ နေစရိတ်၊ စားစရိတ်အားလုံးကို ယင်း ပရဟိတ အဖွဲ့က တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly