စစ်ကိုင်းတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဝင်ရောက်မှု အားနည်းဟု ဝန်ကြီးချုပ်ဆို

စစ်ကိုင်းတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဝင်ရောက်မှု အားနည်းဟု ဝန်ကြီးချုပ်ဆို

ဧပြီ၉ ရက် ။                     ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှု အင်မတန်နည်းနေသေးသည်ဟု ဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်က ပြောကြားလိုက်သည်။

ဧပရယ် ၉ ရက် မုံရွာမြို့ ကျောက်စိမ်းဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးသော အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

" ကျွန်တော်တို့ တိုင်းမှာ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ အင်မတန်မှနည်းနေသေးလို့ ထင်တယ် ဒါကြောင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ ဝင်ရောက်အောင် ကြိုးစားပြီး မရရအောင် ဖော်ထုတ်ပေးနိုင်ပါတယ် အားလုံးလည်း ဝိုင်းဝန်းကူညီပေးကြပါ" ဟု ဝန်ကြီးချုပ်ပြောသည်။

တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးပွဲကို ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်းရှင်များတက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနမှ ဦးဆောင်၍ ဂျာမနီနှင့်ပူးပေါင်းဆောင်ရွက်မှု ( GIZ ) တို့မှ ကျင်းပခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်မှုနည်းပါးရခြင်းသည် အခြေခံ အဆောက်အဦတွေ၊ လမ်းတွေ မကောင်းမွန်တဲ့အတွက် နည်းပါးခြင်းဖြစ်ကြောင်း အခမ်းအနားတက်ရောက်ခဲ့သည့် စစ်ကိုင်းတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ကိုဇော်မိုးက ဆိုသည်။

" ဝန်ကြီးချုပ် ပြောသွားတဲ့ရင်းနှီးမြှုပ်နှံမှုအားနည်းနေတယ်ဆိုတာ သုံးသပ်ပြောဆိုသွားတာပါ။ လုပ်ငန်းရှင်တွေ အနေနဲ့လည်း အားနည်းမှုတွေရှိတယ်လို့ သုံသပ်ပြောဆိုချင်ပါတယ် ။ စက်မှုလုပ်ငန်းတွေအတွက် အခြေခံ အဆောက်အအုံ၊ လမ်းတွေကောင်းဖို့လိုတယ် ။ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားနိုင်မည့် အနေအထားမျိုး အဆောက်အဦတွေများလာရင်လည်း ကျယ်ဝန်းတဲ့ မြေနေရာတွေလိုအပ်ပါတယ် ။ ရန်ကုန်၊မန္တလေးနဲ့ ယှဉ်ရင်ကျွန်တော်တို့ တိုင်းက တော်တော်လေးလိုပါသေးတယ် "ဟု ကိုဇော်မိုးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့် ရယူပြီး ဆောင်ရွက်နေသည့် လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာ လုပ်ငန်းပေါင်း ၂၇ ခု၊ ရင်းနှီးမြှုပ်နှံသည့်ပမာဏ ၁၇၃၃၄၉.၁၆၂ကျပ်သန်း၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရဆောင်ရွက်လျက်ရှိသည့်လုပ်ငန်း ၁၆ခု၊ ရင်းနှီးမြှုပ်နှံ သည့်ပမာဏ အမေရိကန်ဒေါ်လာ ၂၅၅၂.၀၄သန်း ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly